ဦးဌေးဦး နှင့် ဦးသိန်းအောင်တို့ ရွေးကောက်ပွဲဝင်မည်

၂၂ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

နိုဝင်ဘာလမှာ ကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ နာယကတွေ ဖြစ်တဲ့ ဦးဌေးဦး နှင့် ဦးသိန်းအောင်တို့ ပြန်ပြီးအရွေးခံမယ်လို့ ပါတီရဲ့အတွင်းလူတစ်ဦးက Delta News Agency ကိုပြောပါတယ်။

“အခုလက်ရှိတော့ ပြိုင်မယ့်အနေအထားမှာ ရှိတယ် ၊ အနားကပ်သွားမှ အပြောင်းအလဲ ဖြစ်သွားရင်တော့ မသိဘူးပေါ့”လို့ ဆိုပါတယ်။

ဦးဌေးဦးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ် ဦးခင်မောင်ရီကို မဲအရေအတွက် ခြောက်သောင်းကျော် ကွာဟပြီး ရှုံးနိမ့်ခဲ့တာပါ။ ရွေးကောက်ပွဲအလွန် ၅ နှစ်တာ ကာလနီးပါး မြို့လူထုရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေရာကနေ အခုလို နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဧရာဝတီတိုင်းရဲ့ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ ဦးသိန်းအောင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လာဖို့ရှိနေပါတယ်။ သူကတော့ အင်္ဂပူမြို့နယ်ထဲမှာ တိုင်းဒေသကြီးကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံခဲ့တာ ဖြစ်ပြီး လက်ရှိတိုင်းလွှတ်တော်မှာ ဥက္ကဌတာဝန်ယူထားတဲ့ ဒီချုပ်ကိုယ်စားလှယ် ဦးအောင်ကျော်ခိုင်ကို မဲအရေအတွက် ၄ ထောင်ကျော်နဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။

“အဘဦးသိန်းအောင်ဆို ၁၆ နှစ်ကနေ အသက် ၇၀ ကျော်အထိ တိုင်းပြည်တာဝန်ထမ်းခဲ့ပြီးပြီလေ ၊ ဒီအချိန်မှာ သူတို့ကတော့ အေးအေးဆေးဆေးနေချင်ပြီ ၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒေသအတွက် ၊ လူမျိုးအတွက် ၊ နိုင်ငံအတွက် အဘတို့ ဝင်ပေးကြပါဦးဆိုပြီး တောင်းဆိုထားတယ်” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ တိုင်းအတွင်းရေးမှူး ဦးဝင်းကိုကိုက ပြောပါတယ် ။

၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ စတင်ပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်တွေထံမှာ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒီနေ့အချိန်အထိတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်အမည်စာရင်းတွေလာသွင်းတာ မရှိသေးဘူးလို့ ဟင်္သာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးဝင်းမောင်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအချိန်ဇယားအရ ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင်ပြီး ၊ တင်သွင်းထားတဲ့ အမည်စာရင်းကို ပြန်လည်ရုတ်သိမ်းချင်တယ်ဆိုရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းရမှာ ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အားအကောင်းဆုံးပါတီကြီးတွေအဖြစ် အဓိကယှဉ်ပြိုင်ကြရမယ့် လက်ရှိအာဏာရ ဒီချုပ်ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေအကြားမှာ စိတ်ဝင်တစားစောင့်ကြည့်မှုတွေရှိနေကြတာပါ။

ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်စာရင်းကို ဇူလိုင်လ ၂၃ရက်နေ့ မနက်ဖြန်မှာ ပါတီရဲ့ ဝက်ဆိုဒ်မှာ တင်ပေးမယ်လို့ နေပြည်တော်မှာကျင်းပခဲ့တဲ့ ဒီချုပ်ပါတီရဲ့ CEC အစည်းအဝေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာတွေကို ပြောခဲ့ပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲကာလမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းအချို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့လို့ ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ်တွေက ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တကျော့ပြန်အားစမ်းမှုတွေနဲ့အတူ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေ ပါဝင်လာမလားဆိုတာကို ဒီရက်ပိုင်းတွေအတွင်းတိကျတဲ့ အဖြေထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။