အရှေ့တောင်အာရှမှာ ခေတ်စားလာတဲ့ မြို့ပြစိုက်ခင်းစနစ် (Urban Farming)

၁၀/မတ်လ/၂၀၁၉

အရှေ့တောင်အာရှရဲ့ မြို့ကြီးပြကြီးတွေမှာ တပိုင်တနိုင်မြို့ပြစိုက်ခင်းတွေက ခေတ်စားလာပါတယ် ။ လူဦးရေထူထပ်ပြီး မြေနေရာရှားပါးတဲ့နေရာတွေမှာ အိမ်နောက်ဖေး ၊ အိမ်ရှေ့ခြံဝင်း နှင့် အိမ်ခေါင်းမိုးတွေပေါ်မှာ သီးပင်စားပင်တွေကို တပိုင်တနိုင် စိုက်ပျိုးလာကြတာပါ ။

မြို့ပြစိုက်ပျိုးရေးဟာ ဓာတုဆေးအန္တရယ်ကင်းတဲ့ အော်ဂဲနစ် အစားအစာတွေ ရရှိနိုင်တဲ့ အပြင် သဘာဝပတ်ဝန်းကျင် လေထုကို သန့်စင်စေပြီး တပိုင်တနိုင် ဝင်ငွေတစ်ခုကိုလည်း ထူထောင်နိုင်တယ်လို့ ဆိုပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ စင်္ကာပူ နှင့် အင်ဒိုနီးရှားနိုင်ငံတွေမှာ မြို့ပြစိုက်ပျိုးရေးလုပ်ငန်းကို စတင်အသုံးချနေကြပြီဖြစ်ပြီး မြို့ပြစိုက်ပျိုးရေးအဖွဲ့တွေက လူထုစိတ်ဝင်စားလာအောင် ကမ်ပိန်းလှုပ်ရှားမှုတွေလည်း လုပ်ဆောင်လာကြပါတယ် ။

မိမိခြံဝန်းထဲက မြေနေရာလွတ်တွေကို မြေနှုတ်ပေါင်းသင်ပြီး ဟင်းသီးဟင်းရွက်တွေ ၊ သီးပင်စားပင်တွေ တပိုင်တနိုင်စိုက်ပျိုးကြရာကနေ အိမ်နီးချင်းတွေကို ဒါမှမဟုတ် ဖေါက်သည်တွေကို ပြန်လည်ရောင်းနိုင်တဲ့ အထိ အောင်မြင်လာကြတာပါ ။ မြို့ပြစိုက်ခင်းတွေကြောင့် တဖက်တလမ်းက ဝင်ငွေရပြီး အိမ်စားရိတ် ကာမိသလို စားသုံးသူတွေဘက်ကလည်း သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံတွေစားသုံးကြရတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးခံစားကြရတယ်လို့ ဆိုပါတယ် ။

ကျူးဘား ၊ အမေရိကန် ၊ တရုတ် ၊ ကနေဒါ ၊ သြစတြေးလျ နှင့် ထိုင်း အစရှိတဲ့နိုင်ငံတွေမှာ မြင့်တက်လာတဲ့ မြို့ပြစားနှပ်ရိက္ခာ ဝယ်လိုအားကိုလုံလောက်စေဖို့ မြို့ပြစိုက်ပျိုးခင်းတွေကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုအတွင်း စတင်လာကြတာပါ ။ မြို့ပြစိုက်ခင်းတွေက လတ်ဆတ်တဲ့အစားအစာတွေကို ရရှိတာ ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးနိုင်တာ အပြင် မြို့ပြဝန်းကျင်ရဲ့ ရာသီဥတု ပြောင်းလဲမှု ကိုလည်း အထိုက်အလျှောက် လျှော့ပါးသက်သာစေတယ်လို့ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ် ။
Ref : kathmandupost