အာရှမှာ ကိုဗစ်ရောဂါကူးစက်မှု ဆယ်သန်းကျော်ထိ မြင့်တက်လာ

၂၄ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

အာရှဒေသမှာ ဒီကနေ့ ကိုဗစ်ရောဂါကူးစက်ခံရသူအရေအတွက် ၁၀သန်းကျော်သွားပြီး ရောဂါဖြစ်ပွားမှု ကမ္ဘာ့ဒုတိယအများဆုံးဒေသ ဖြစ်လာတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိ အာရှဒေသအတွင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ ကမ္ဘာ့စုစုပေါင်း ကိုဗစ်လူနာအရေအတွက် ၄၂သန်းကျော်ရဲ့ လေးပုံတစ်ပုံခန့်ရှိပြီး သေဆုံးသူအရေအတွက် ၂သိန်း ၃သောင်းကျော်ဟာလည်း တစ်ကမ္ဘာလုံးသေဆုံးမှုနှုန်းရဲ့ ၁၄ရာခိုင်နှုန်းရှိနေပါတယ်။

ယခုဖော်ပြချက်ဟာ ကမ္ဘာ့နိုင်ငံတွေက တရားဝင်ထုတ်ပြန်တဲ့အရေအတွက်ကို အခြေခံဖော်ပြတာဖြစ်ပြီး လက်တွေ့ဖြစ်စဉ်မှာတော့ ရောဂါကူးစက်ခံရမှုနဲ့ သေဆုံးမှုပနှုန်းတွေက ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဒေသတွင်း၊ တောင်အာရှမှာ အိန္ဒိယက ဦးဆောင်နေပြီး ကမ္ဘာ့ရောဂါဖြစ်ပွားမှုစုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်ဖြစ်ပွားမှု အဆိုးဆုံးခံစားနေရတဲ့ စာရင်းမှာလည်း အမေရိကန်ပြီးရင် အိန္ဒိယက ဒုတိယနေရာမှာ ရပ်တည်နေပြီး တနေ့ကို ပျမ်းမျှ ကိုဗစ်လူနာသစ် ၅သောင်း၇ထောင်ကျော် တိုးလာနေတယ်လို့ စာရင်းတွေက ဖော်ပြထားပါတယ်။

အလားတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံမှာလည်း ရောဂါကူးစက်သူ ၄သိန်းနီးပါးရှိပြီး သေဆုံးသူ ၅ထောင်ကျော်အထိ မြင့်တက်နေပါတယ်။

ရောဂါဖြစ်ပွားမှု အများဆုံးအာရှဒေသစာရင်းမှာ အင်ဒိုနီးရှားနိုင်ငံက ကူးစက်သူအရေအတွက် ၃သိန်း ၈သောင်းနဲ့ ဖိလစ်ပိုင်ကို ကျော်တက်ပြီး ပဥမမြောက်နေရာကို ရောက်ရှိသွားပါပြီ။

လက်ရှိ အာရှတွင်း ဂျပန်နိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၉သောင်း ၅ထောင်၊ စင်ကာပူမှာ ၅သောင်း ၇ထောင်၊ တောင်ကိုရီးမှာ ၂သောင်း ၅ထောင် ၊ မလေးရှားမှာ ၂သောင်း ၄ထောင်နဲ့ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှတော့ာ ၈သောင်း၅ထောင် ရှိပါတယ်။

ရောဂါဖြစ်ပွားမှု အနည်းဆုံးက လူဦးရေ ၇သန်းကျော်သာနေထိုင်တဲ့ လာအိုနိုင်ငံဖြစ်ပြီး ကိုဗစ်လူနာစုစုပေါင်း ၂၄ဦးသာရှိကာ ဒီကနေ့အထိ သေဆုံးသူလည်း မရှိပါဘူး။

အာရှဒေသမှာ နေရာကွက်ပြီး ကိုဗစ်ရောဂါဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေပေမယ့် ဥရောပနဲ့ မြောက်အမေရိက ဒေသတွေအနေနဲ့ အာရှနိုင်ငံတွေရဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေး စည်းမျဉ်းတွေ ၊ အသွားအလာကန့်သတ်မှု သတ်မှတ်ချက်တွေကို နမူနာယူသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ကာကွယ်ဆေး မရနိုင်ခင် အချိန်ထိ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၂သန်းအထိ နှစ်ဆတိုးလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်အစီအစဉ်ဆိုင်ရာ အကြီးအကဲ မိုက်ခ်ရိုင်ယန်က မှတ်ချက်ပြုထားပါတယ်။

Ref : Reuters
Photo Credit :thaipbsworld