အနံပျောက်ခြင်း လျှို့ဝှက်ချက်ရဲ့ အဖြေ

ရေးသားသူ – Aunghein PhoeKhwar

၂၁ ၊ ဒီဇင်ဘာလ ၊ ၂၀၂၀ ။

ကိုဗစ်မှာ အနံ့ပျောက်ရတာဟာ နှာခေါင်းအတွင်းပိုင်းမျက်နှာပြင်မှာရှိတဲ့ အာရုံကြောအပေါ်ယံက ဆဲလ်အလွှာလေးက လူတွေအရေခွံကွာသလို ပျက်စီးသွားလို့ အနံ့မရတော့တာပါ။

အနံ့ခံအာရုံကြောကို တိုက်ရိုက်ထိခိုက်မှုကြောင့် မဟုတ်ပါဘူး။ အရေခွံကွာပြီး အောက်ကအရေခွံအသစ်ပြန်တက်လာသလိုပဲ လူအများစုမှာ နောက်ထပ် ၃-၄ ရက်နေရင် အာရုံကြောအပေါ်က ဆဲလ်အလွှာလေးက တဖြည်းဖြည်း ပြန်ကောင်းလာပါလိမ့်မယ်။ ၁ လလောက်နေရင် လုံးဝ အကောင်းပကတိပြန်ဖြစ်ပါတယ် (လူအနည်းစုမှာတော့ ၂-၃ လလောက်အထိ ပိုကြာနိုင်ပါတယ်)။

အနံ့ခံစနစ် ခေတ္တပျက်စီးသွားပေမဲ့ အများအားဖြင့် အာရုံကြောကို ထိခိုက်သွားတာ မဟုတ်လို့၊ အပေါ်ယံလွှာပြန်ကောင်းလာရင် အနံ့ပြန်ရလာပါတယ်။ သိပ်စိတ်မပူပါနဲ့။ တခါတလေ အနံ့ပြန်ရရချင်းမှာ ထူးထူးခြားခြား အနံ့တွေရတာ ဖြစ်တတ်ပါတယ်။ (ဥပမာ ဘာရှုရှု ဆပ်ပြာနံ့ကြီး ရနေတာလိုမျိုးပါ)။ မစိုးရိမ်ပါနဲ့၊ ဒါဟာ ဆဲလ်တွေပြန်ကောင်းလာလာချင်းမှာ အနည်းငယ် ကမောက်ကမ ဖြစ်နေသေးတဲ့ သဘောပါ။

Zinc ဇင့် ဓာတ်နည်းရင် အနံ့ပျောက်တာဖြစ်တတ်ပေမဲ့ ကိုဗစ်မှာ အနံ့ပျောက်ရခြင်း အကြောင်းရင်းက Zinc ဇင့် နည်းလို့မဟုတ်ပါဘူး။ ဒါကြောင့် အနံ့ပြန်ရအောင် ဇင့် အားဆေးသောက်တာက အဖြေမဟုတ်ပါ။

ဆေးမီးတိုတွေနဲ့လျှောက်ကုတာ မှိုင်းရှူတာတွေလဲ လျှော့ပါ။ အနံ့မျိုးစုံ လျှောက်ရှူနေတာဟာ အနံ့ခံအာရုံကို လှုံ့ဆော်ပေးတာမှန်​ပေမဲ့၊ အနံ့အာရုံခံစနစ်ကို အလုပ်များအောင် ဝန်ပိအောင် ဒဏ်ဖြစ်အောင် လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။ မလုပ်ကြပါနဲ့။ တန်ဆေးလွန်ဘေးကို သတိထားပေးပါ။ နှာခေါင်းထဲကိုလည်း လျှောက်မထိုးထည့်ကြပါနဲ့။

ကိုဗစ်ကြောင့် အနံ့ပျောက်တာဟာ ဘာဆေးမသောက်ဘဲ အလိုလိုနေရင်း အနံ့ပြန်ရနိုင်ပါတယ်။ ကိုဗစ်ကြောင့် ပျက်ဆီးတဲ့ဆဲလ်တွေဟာ အရေခွံကွာသွားပြီး အရေခွံအသစ်ပြန်တက်လာသလို ပြန်ကောင်းပါတယ်။

အနံ့ပျောက်တာ အနံ့အာရုံကြောကိုထိတာမဟုတ်ဘဲ အာရုံကြောဘေးမှာရှိတဲ့ ဆဲလ်တွေပျက်စီးတာဖြစ်ပြီး ဆဲလ်တွေအသစ်ပြန်ဖြစ်လာအောင် အစာအာဟာရကိုသာ မျှတအောင် စားသောက်ပေးပါ။ နလန်ထမြန်အောင် အိပ်ရေးဝဝ အိပ်ပေးပါ။ အနံ့ပျောက်တာ အရမ်းကြာနေပါက ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။

ကိုးကား –
https://www.scientificamerican.com/…/mysteries-of…/
https://journals.sagepub.com/…/10.1177/1073858420956905
https://www.ncbi.nlm.nih.gov/pmc/articles/PMC7332942/…