ဟင်္သာတမှာ ကိုဗစ်လူနာသစ်(၅၈)ဦးတွေ့ရှိ

၁၁၊ ဇန်နဝါရီလ ၊ ၂၀၂၁။

ဒီနေ့ည(၈)နာရီ ရန်ကုန်ဓာတ်ခွဲဌာနက ထုတ်ပြန်ချက်အရ ဟင်္သာတမြို့မှာ ကိုဗစ်အတည်ပြုလူနာသစ်(၅၈)ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ရန်ကုန်ဓာတ်ခွဲခန်းဆီကို(၁၇၅)ယောက်ရဲ့ နမူနာတွေ ပေးပို့စစ်ဆေးခဲ့ရာ ဒီကနေ့မှာတော့ (၅၇)ဦးကိုဗစ်ရောဂါတွေ့ရှိပြီး အုတ်ပုံဆိပ်က ကုန်ကားယာဥ်နောက်လိုက်တစ်ဦးမှာလည်း ရောဂါတွေ့ရှိခဲ့တဲ့အတွက် ဒီနေ့ညစာရင်းအရ စုစုပေါင်း(၅၈)ယောက် ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်လို့ ဟင်္သာတမြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်မေသန္တာက Delta News Agency ကို ပြောပါတယ်။

ဟင်္သာတ​မြို့မှာ စက်တင်ဘာ ၇ ရက်နေ့ကနေဒီနေ့အထိ ကိုဗစ်ရောဂါတွေ့ရှိသူပေါင်း (၆၂၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ပြုလိုက်သူ(၄၈၃)ဦးနဲ့ သေဆုံးသူ(၉)ဦးရှိတယ်လို့ ဟင်္သာတပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းတွေအရသိရပါတယ်။