လူသတ်မှု နှင့် မူးယစ်ဆေးဝါးမိတာ တနေ့ထဲဖြစ်ခဲ့တဲ့ မြောင်းမြထောင်

၁၇/မတ်လ/၂၀၁၉

မတ်လ ၁၄ ရက်နေ့ညနေပိုင်းမှာ ထောင်သားတစ်ဦးရဲ့ ပုဆိုးထဲကနေ WY ဆေးပြား တစ်ထောင်ကျော် မိခဲ့ပြီး မကြာခင်မှာပဲ အကျဉ်းသားအချင်းချင်း သတ်မှုလည်း ဖြစ်ပွားခဲ့တာပါ ။မြောင်းမြအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အကျဉ်းသားဘူးကြီး(ခေါ်)ဝင်းလှကို တာဝန်ရှိသူတွေက စစ်ဆေးရာမှာ သူ့ပုဆိုးထဲကကနေ WY ဆေးပြား ၁၀၉၀ ပြား ဖမ်းမိခဲ့ပါတယ် ။

မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်မှာ အခုလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိအပြီး ညနေ ၅ ခန့်မှာတော့ အကျဉ်းသားအချင်းချင်း သတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူက ပြောပါတယ် ။

အမှတ်(၃) အိပ်ဆောင် အခန်း(၄)မှာ နေထိုင်တဲ့ ပုဒ်မ ၃၇၆ နဲ့ ထောင် ၁၀ နှစ်ကျခံနေတဲ့ သိန်းအောင်ကို ပုဒ်မ ၃၈၀/၇၅ နှင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေတဲ့ ထွန်းထွန်းဦးက သတ်ခဲ့တယ်လို့ သိရပါတယ် ။အိပ်နေချိန်မှာ ဆဲဆိုလို့ဆိုပြီး လက်လုပ်သံခွန်နဲ့ ၂ ချက်ထိုးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ် ။

သိန်းအောင်ကို မြောင်းမြဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ် ။
“လူသတ်မူကတော့အမေနဲ့ပတ်သတ်ပီးထိခိုက်ဆဲလို့ဒေါသအလျှောက်တုန့်ပြန်လိုက်တာလို့စစ်ဆေးသိရပါတယ် မူးယစ်ဆေးဝါးကတော့ထောင်တာဝန်ရှိသူတွေရဲ့စည်းကမ်းထိန်းသိမ်းရေးနဲ့သတ်ဆိုင်တာမို့မပြောခြင်ပါဘူး’’ ဒုရဲမှူးကြီးထွန်းရွှေက မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ် ။
ဒီနှစ်တွင်းမှာပဲ မြောင်းမြအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတာက ၃ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ် ။ မတ်လ ၁၃ ရက်နေ့ကလည်း ထောင်ဝင်စာလာပို့တဲ့ လဖက်ထုပ်ထဲကနေ WY ဆေးပြားတွေ ဖမ်းမိခဲ့သေးတာပါ ။