ရဲတပ်ကြပ်သေနတ်က မတော်တဆ ကျည်ထွက်ပြီး ပြည်သူတစ်ဦးသေဆုံး

၃၀ စက်တင်ဘာ ၂၀၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေမြို့ မကျီးဇင်ကျေးအုပ်စု ပေါက်လှဂျိုင် ကျေးရွာပင်လယ်ကမ်းခြေမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ တပ်မတော်တပ်ကြပ်တစ်ဦးရဲ့ သေနတ်က မတော်တဆကျည်ထွက်လို့ ကျေးရွာရာအိမ်မှူး တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်က စစ်တပ် /ရဲ/ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ဟာ ကမ်းခြေလုံခြုံရေး ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ပူးပေါင်းအဖွဲ့မှာပါတဲ့ ခလရ ၅၁ မှ တပ်ကြပ်မြင့်ဦး ကိုင်ဆောင်ထားတဲ့ သေနတ်က မတော်တဆကျည်ထွက်လို့ အသက် ၅၆နှစ်အရွယ် ပေါက်လှဂျိုင် ကျေးရွာခွဲ ရာအိမ်မူး ဦးခင်အောင် ထိမှန်သေဆုံးခဲ့တယ်လို့ မကျီးဇင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမြင့်သိန်းက ပြောပါတယ်။
“ကင်းလှည့်ရင်းခဏနားနေတုန်း ကျည်ဆံထွက်သွားတာ ပေါင်ရင်းက ဝင်ပြီး တင်ပါး က ပွင့်ထွက်သွားတယ်။ ဆေးရုံကိုပို့ပေမယ့် အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားတယ်”လို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ထွန်းရွှေက အခုဖြစ်စဉ်ကို အတည်ပြုပေးခဲ့ပြီး သေနတ်ကျည်ရှင်းရင်း ကျည်ထွက်တာဖြစ်ကြောင်းနဲ့ တပ်ကြပ်မြင့်ဦးကိုလည်း သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က အမူဖွင့်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
သေနတ်ကိုပေါ့ဆစွာကိုင်တွယ်တာကြောင့် လူသေဆုံးစေခဲ့တဲ့ တပ်ကြပ်မြင့်ဦးကို ရွှေသောင်ယံ နယ်မြေ ရဲစ
ခန်းက ရာဇသတ် ပုဒ်မ (၃၀၄ – က) နဲ့အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးဆီက သိရပါတယ်။