မြောင်းမြက အထူးရဲနှစ်ဦးမှာကိုဗစ်ရောဂါတွေ့

၁၄ ၊ အောက်တိုဘာ ၊ ၂၀၂၀ ။

လာမယ့်ရွေးကောက်ပွဲမှာ ဧရာတီတိုင်းကမဲရုံတွေ လုံခြုံရေးအတွက် သင်တန်းတက်နေတဲ့ မြောင်းမြမြို့က အထူးရဲနှစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေသိရပါတယ်။

သင်တန်းသားတွေကို ကိုဗစ်ရောဂါ ရှိ မရှိ အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်မှာ စစ်ဆေးခဲ့တာဖြစ်ပြီး မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်နေ အသက်၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ဝါးနွယ်ချောင်းကျေးရွာနေ အသက်၂၆ နှစ်အမျိုးသားတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ ရဲအရာရှိကပြောပါတယ်။

သူတို့ဟာ ခရီးသွားရာဇ၀င်မရှိဘဲ သင်တန်းကာလရဲ့ ဒုတိယပတ်အတွင်း စစ်ဆေးရာမှ ​ရောဂါပိုး​တွေ့ရှိခဲ့တာ ဖြစ်ပြီး “ပိုးတွေ့သူကို အထူးရဲတာ၀န်​ပေးအပ်တာ ရပ်နားပြီး အရံသင်တန်းသား အခြားတစ်ယောက်နှင့် အစားထိုးခန့်အပ်သွားမယ်”လို့ ရဲအရာရှိက ဆက်ပြောပါတယ်။

“COVID 19 ရှိမရှိ သိရှိနိုင်​​ရေးအတွက် Rapid Test Kit စနစ်နဲ့ မြောင်းမြခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကဦးစီးပြီးစစ်တာပါ အနီးကပ်ထိတွေ့ခဲ့သူတွေကိုအသွားအလာ ကန့်သတ်စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်ထားတယ် ပိုးတွေ့တဲ့သူကိုတော့ မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်မှာ ထားရှိကုသထားတယ်”လို့ မြောင်းမြခရိုင် ပြည်သူ့ ကျန်းမာ ဦးစီး ဌာန ဦးစီးမှူး ဒေါက်တာ တင့်တင့်ကျော်က ပြောပါတယ်။

မြောင်းမြမြို့နယ်အတွင်း မဲရုံတွေမှာ တာ၀န်ထမ်းဆောင်ဖို့အတွက် အထူးရဲ ၃၀၀ကို ခန့်အပ်ထားပြီး မြောင်းမြမြို့က နေရာ(၃)ခုမှာ ရဲလုပ်ငန်းဆိုင်ရာသင်တန်းတွေကို ၂၈ရက်ကြာ ပို့ချပေးနေတာ ဖြစ်ပါတယ်။