မြန်အောင်မြို့မှာ လေပြင်းတိုက်ပြီး သစ်ပင်လဲကျလို့ လူတစ်ဦးသေဆုံး

၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။ (သတင်းတို)

ဧရာဝတီတိုင်း ၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာ မနေ့ညပိုင်းက လေပြင်းတိုက်ချိန် နေအိမ်တစ်လုံးပေါ် သစ်ပင်ပြိုကျလို့ လူတစ်ဦးသေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ညပိုင်းက အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်အတွင်းရှိ ဘန့်ဘွေးကျေးရွာမှာ မိုးသက်လေပြင်းကျပြီး နေအိမ်ပေါ်သစ်ပင်လဲကျချိန် နေအိမ်ထဲမှာ လူတစ်ဦး အိပ်ပျော်နေတာလို့ အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်း ၊ ဘန့်ဘွေးကုန်းရဲကင်းမှူးရဲတပ်ကြပ်ကြီး ကျော်ဝင်းနိုင်က ပြောပါတယ်။

“ဟုတ်ပါတယ် ညက ၁၁နာရီလောက်ဖြစ်ပွားတာပါ။ မိုးကအရမ်းများ လေပါတိုက်တော့ မကျည်းပင်ကအမြစ်ကနေ ကျွတ်ပြီး အိမ်ကိုပိတာ ၊ အိပ်နေတဲ့သူက ပွဲချင်းပြီးသေဆုံးသွားတာပါ။ ခုရဲလုပ်ငန်းတွေကိုလုပ်ဆောင်နေပါတယ်”လို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့သူကိုဆေးရုံပို့ဆောင်ပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လိုသိရပါတယ်။