မြန်မာ့အရေး အာဆီယံအစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

လက်ရှိမြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်ပြီး အာဆီယံခေါင်းဆောင်တွေအနေနဲ့ အဆင့်မြင့်အရာရှိ အစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အမြန်ဆုံး အစည်းအဝေးခေါ်ဖို့ အာဆီယံအကြီးအကဲဖြစ်တဲ့ ဘရုနိုင်းဘုရင်ကို ချက်ချင်းတောင်းဆိုသွားမှာပါ လို့ သူက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောလိုက်တာပါ။ ဘရုနိုင်းနိုင်ငံဟာ လက်ရှိအာဆီယံဥက္ကဌတာဝန်ယူထားတာ ဖြစ်ပါတယ်။

ရွေးကောက်ခံ မြန်မာလွှတ်တော်အမတ်တွေဟာလည်း အာဏာသိမ်းစစ်အုပ်စုရဲ့ လူသားမျိုးနွယ်တစ်ရပ်လုံး အပေါ်ကျူးလွန်နဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာရာဇဝတ်တရားရုံးမှာ စုံစမ်းစစ်ဆေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။

မတ်လ ၁၈ရက်နေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဦးစီးချုပ်တွေ ထိပ်သီးတွေ့ဆုံပွဲတွေကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလ ၁ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တခြားအစိုးရအရာရှိတွေ ဖမ်းဆီးခံခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ရဲတွေဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေကြောင့် အခုသီတင်းပတ်အထိ သေဆုံးသူစုစုပေါင်း ၂၂၀ကျော်ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပါတယ်။

ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို အင်အားသုံး နှင်ထုတ်တာ ၊ မတရားဖမ်းဆီးတာနဲ့ သတ်ဖြတ်တာတွေကို ရှုတ်ချခဲ့ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီလိုရာဇဝတ်မှုရဲ့ တာဝန်ရှိသူ ခြေရာခံသင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Ref : Reuters