မြန်မာ့အရေးပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား အခိုင်အမာကတိပြု

၁၃ ၊ ဇွန်လ ၊ ၂၀၂၁ ။

 

အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့အရေးကိစ္စရပ်တွေမှာ လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်သွားဖို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

 

ဇွန်လ ၁၂ရက်နေ့က ဗြိတိန်နိုင်ငံမှာ ပြုလုပ်တဲ့ G7 ထိပ်သီးညီလာခံ ဒုတိယမြောက်နေ့ရဲ့ သီးခြားဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Chung Eui-yong တို့ တွေ့ဆုံခဲ့ကြတာပါ။

သူတို့နှစ်ဦးဟာ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့ အရေးပါတဲ့ ပြဿနာတွေကို အပြန်အလှန်ပူးပေါင်း ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာ အလေးပေးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ၊ ဗြိတိန် ၊ ဂျာမနီ ၊ ပြင်သစ် ၊ ကနေဒါ ၊ ဂျပန် ၊ အီတလီ စတဲ့ ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ ၇နိုင်ငံပါဝင်တဲ့ G7 ထိပ်သီးညီလာခံကို ဇွန်လ ၁၁ရက်ကနေ ၁၃ရက်နေ့အထိ ၃ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံအရေး ထည့်သွင်းဆွေးနွေးပေးဖို့ မြန်မာပြည်သူတွေက တောင်းဆိုထားကြပါတယ်။

 

တောင်ကိုရီးယားဟာ G7 အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ဩစတြေး ၊ အိန္ဒိယ ၊ တောင်အာဖရိကတို့နဲ့အတူ ဧည့်သည်နိုင်ငံအဖြစ် ဖိတ်ကြားခံခဲ့ရတာ ဖြစ်ပါတယ်။

 

Ref – The Korea Herald