မဲနှစ်ကြိမ်ပေးတဲ့ ကျောင်းဆရာမကို UECက အရေးယူ

By – Delta News Agency

၄ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။

ကြိုတင်မဲ နှစ်ကြိမ်ပေးခဲ့တဲ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က အလယ်တန်းပြဆရာမတစ်ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က နိုဝင်ဘာ ၃ ရက်နေ့မှာ အရေးယူလိုက်ပါတယ်။

လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စီးပွားချောင်ကျေးရွာ အုပ်စု၊ ချော်ချောင်းကျေးရွာနေ အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာဟာ အောက်တိုဘာ ၃၀ရက်နေ့က စီးပွားချောင် ကျေးရွာအုပ်စု မဲရုံနဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ မယ်တလိုင်းကျေးရွာအုပ်စု မဲရုံ တို့မှာ ကြိုတင်ဆန္ဒမဲ တစ်ကြိမ် စီပေးခဲ့တာပါ။

“ဆရာမက သူအရင်နေခဲ့ ရွာမှာရော အခုနေတဲ့ရွာမှာရော မဲစာရင်း ကပါနေတာ ကြိုတင်မဲပေးခဲ့တာပါ။ ဒါကိုUECက အရေးယူထားပါပြီ၊ အုပ်ချုပ်ရေးအဖွဲ့တွေက မြေပြင်အခြေအနေအတိုင်း ရွာမှာ စာရင်းက ရှိနေတာကို ပြုစုပေးတာဆိုတော့ မဲစာရင်းက ၂နေရာ ပါ​နေတာပါ”လို့ လပွတ္တာခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလေးအောင် ကပြောပါတယ်။

မဲရုံလုပ်ငန်း​တွေမှာပါဝင် ဆောင်ရွက်နေပြီး ကြိုတင်ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သူ ဒေါ်မိုးမြတ်သူဇာကို လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ (၅၉)ပါ ပြဋ္ဌာန်းချက်များနဲ့ အညီ အမှုဖွင့်အရေးယူထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ် (သို့) ငွေဒဏ် တစ်သိန်း၊ (သို့) အပြစ်ဒဏ် နှစ်ခုစလုံးအထိ ချမှတ်ခံရနိုင်ပါတယ်။

ဓာတ်ပုံ – facebook