ဘောလိဝုဒ်မင်းသားကြီး အမီတာ ဘာချ်ချန်း COVID -19 ရောဂါပိုးကူးစက်ခံရ

၁၂ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။

အိန္ဒိယရုပ်ရှင်လောကရဲ့ အကျော်အမော် မင်းသားကြီး အမီတာ ဘာချ်ချန်းနဲ့ သားဖြစ်သူ အာဘီဟ်ရှေး ဘာချ်ချန်းတို့မှာ COVID -19ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စနေနေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

“ကျနော့်မှာ COVID -19ရောဂါပိုးစစ်ဆေးတွေ့ရှိတယ်။ အခုတော့ဆေးရုံကို ပြောင်းနေပါပြီ။ မိသားစုဝင်တွေကိုလည်း စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ ၁၀ရက်အတွင်း ကျနော်နဲ့ အနီးကပ်ထိစပ်မှုရှိခဲ့တဲ့ သူတွေလည်း ကိုယ့်ကိုယ့်ကိုယ့် စစ်ဆေးကြည့်ကြဖို့ တောင်းဆိုပါတယ်။” လို့ အမီတာ ဘာချ်ချန်းက သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့ သားဖြစ်သူအာဘီဟ်ရှေး ဘာချ်ချန်းကလည်း အမီတာ ဘာချ်ချန်းနဲ့အတူ သူ့မှာရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တွစ်တာစာမျက်နှာမှာ ရေးသားခဲ့တာပါ။

အသက် ၇၇နှစ်အရွယ် အမီတာ ဘာချ်ချန်းဟာ အိန္ဒိယနိုင်ငံမှာ COVID -19ဖြစ်ပွားမှုအများဆုံး မြို့တစ်မြို့ဖြစ်တဲ့ မွန်ဘိုင်းမြို့မှာ နေထိုင်တာ ဖြစ်ပါတယ်။

မွန်ဘိုင်းမြို့မှာ COVID -19 ရောဂါပိုးတွေ့ရှိသူ ၉သောင်းကျော်နဲ့ သေဆုံးသူ ၅သောင်း ၂ထောင်ကျော်အထိ စံချိန်တင် မြင့်တက်နေပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံဟာလည်း အမေရိကန်နဲ့ ဘရာဇီးပြီးရင် COVID -19 ဖြစ်ပွားမှု ကမ္ဘာ့တတိယအများဆုံး နိုင်ငံအဖြစ် ရှိနေပါတယ်။

ဘောလိဝုဒ်မင်းသားကြီး အမီတာ ဘာချ်ချန်းဟာ ၁၉၆၉ခုနှစ်က ရုပ်ရှင်လောကထဲကို စတင်ဝင်ရောက်လာသူ ဖြစ်ပြီး နှစ်ပေါင်း ၅၀ကျော်အတွင်း ရုပ်ရှင်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးသရုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် သူဟာ လက်ရှိနိုင်ငံတွင်း COVID -19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာလည်း ဦးဆောင်ပါဝင်နေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Ref : ndtv
Photo Credit : AFP