ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးများပြီး မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေ

၃၀ ၊ အောက်တိုဘာလ ၊ ၂၀၂၀ ။

ဗီယက်နမ်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း Molave ကြောင့် မြေပြိုမှုတွေ ဆက်တိုက်ဖြစ်နေပြီး လက်ရှိအချိန်ထိ လူ ၂၅ယောက်မနည်း သေဆုံးခဲ့တယ်လို့ ဗီယက်နမ် အစိုးရက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ညပိုင်းက နိုင်ငံအလယ်ပိုင်း Quang Nam ပြည်နယ်မှာ မြေပြိုမှုတွေကြောင့် လူ ၁၃ယောက်သေဆုံးပြီး နောက်ထပ် အယောက် ၄၀ ပျောက်ဆုံးနေပါတယ်။
ဒါ့အပြင် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ပင်လယ်ပြင်မှာ လှေတွေမှောက်လို့ ငါးဖမ်းသမား ၁၂ဦးသေဆုံးခဲ့တယ်လို့လည်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ရာချီတဲ့ စစ်သားအင်အားတွေ ၊ စက်ယန္တရားကြီးတွေသုံးပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေပေမယ့် ရာသီဥတုအခြေအနေ ဆိုးရွားနေလို့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေတယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း Molaveဟာ နှစ်ပေါင်း ၂၀အတွင်း ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း ၅၀နီးပါးပျောက်ဆုံးခဲ့တယ်လို့ ဗီယက်နမ် သဘာဝဘေးစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ နေအိမ် ၉သောင်းကျော် ပျက်စီးခဲ့တဲ့အပြင် လူပေါင်း ၁ ဒဿမ ၃သန်းကျော် ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ရပါတယ်။

“လက်ရှိမှာ မုန်တိုင်းရဲ့ လမ်းကြောင်းနဲ့ မိုးရေချိန်ကို ခန့်မှန်းလို့ ရပေမယ့် ဘယ်နေရာတွေမှ မြေပြိုမှု ဖြစ်မလဲဆိုတာတော့ ခန့်မှန်းလို့မရသေးဘူး။ လမ်းတွေက ရွံ့နွံတွေနဲ့ ဖုံးနေပြီး မိုးများနေပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခပ်မြန်မြန်လုပ်ဆောင်နေပါတယ်။”လို့ ဒုဝန်ကြီးချုပ် Trinh Dinh Dung က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံမှာ အောက်တိုဘာလ အစောပိုင်းကတည်းက မုန်တိုင်းတွေ ဝင်ရောက်ပြီး ၊ မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်တွေ ဆက်တိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Ref : CNN
Photo Credit : Reuters