ဖျာပုံခရိုင်မှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အရေးပေါ်အစည်းအဝေးက ဘာတွေဆုံးဖြတ်ခဲ့လဲ

၁၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။

ဖျာပုံမြို့အဝင်ဂိတ် ၄ ဂိတ်အပြင် ၊ ဒေါ်ညိမ်းကျေးရွာအဝင် ဆိပ်မရဲကင်းရှေ့မှာလည်း အဝင်အထွက်တွေကို ကြပ်မတ်စစ်ဆေးသွားတော့မယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ပြောပါတယ်။

ဒီနေ့မနက်က ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖျာပုံမြို့နယ်ထဲက COVID-19 အတည်ပြုလူနာ ၅ဦးတွေ့အပြီးမှာ အရေးပေါ်အစည်းအဝေးကျင်းပပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။

Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန် ၂၁ မြို့နယ်အပါအဝင် ၊ ရခိုင်ပြည်နယ်က လာသူတွေကို Facility Quarantine ထားမယ်လို့ ဆိုပါတယ်။လက်တလော ရောဂါပိုးတွေ့ရှိလူနာတွေအများစုနေထိုင်တဲ့ ဒေါ်ညိမ်းကျေးရွာနဲ့ ညောင်လမ်းငူကျေးရွာတွေကသူတွေ စျေးဝယ်ဖို့အတွက် ဖျာပုံမြို့ပေါ်ကိုသွားလာရာမှာလည်း စနစ်တကျကန့်သတ်ပို့ဆောင်ပေးတာတွေကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မြို့ပေါ်မှာလည်း ပြည်သူတွေမလိုအပ်ပဲအပြင်မထွက်ဖို့ လက်ဘက်ရည်ဆိုင်နဲ့ အစားအသောက်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့ရောက်းချဖို့ ညွှန်ကြားထားတယ်လို့ ဖျာပုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦသိန်းစိုးကပြောပါတယ်။

ဖျာပုံခရိုင်ဆေးရုံကြီးမှာ COVID- 19 ရောဂါဓာတ်ခွဲအတည်ပြု လူနာ(၆)ဦး၊ သံသယ လူနာ(၁)ဦး ဆေးကုသမှုခံယူနေပြီး ဖျာပုံမြို့နယ်အတွင်း Facility Quarantine ​တွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ(၁၁၉)ဦး၊ Home Quarantine အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ(၃၄၁)ဦး ရှိတယ်လို့ ဖျာပုံမြို့နယ် COVID- 19 ရောဂါ ထိန်းချုပ်​ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။