ဖျာပုံက ကန့်သတ်နယ်မြေသုံးခုကို ပြန်ဖွင့်ပေးလိုက်ပြီ

Delta News Agency

၄ ၊ နိုဝင်ဘာလ၊ ၂၀၂၀။

ကိုဗစ်ကူးစက်မှုကြောင့် အသွားအလာကန့်သတ်ထားတဲ့ ဖျာပုံမြို့နယ်က ကျေးရွာသုံးရွာကို ဒီကနေ့ မနက်ပိုင်းကစပြီး ပြန်ဖွင့်ပေးလိုက်ပြီလို့ ဖျာပုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ဇင်မာစိုးက ပြောပါတယ်။

အဲဒီကျေးရွာသုံးခုမှာ ပြီးခဲ့တဲ့ (၁၄)ရက်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ထပ်မတွေ့ရဘဲ အတည်ပြုလူနာတွေကနေ အခြားသူတွေဆီ အစုလိုက် ကူးစက်မှု မရှိခဲ့တဲ့အပြင် လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်ပြီး စစ်ဆေးရာမှာလည်း ရောဂါကူးစက်သူ မရှိတော့ပါဘူး။ ဒါ့ကြောင့် အဲ့ဒီအချက်(၃)ချက်နဲ့ ကိုက်ညီလို့ ကန့်သတ်နယ်မြေအဖြစ်ကနေ ပယ်ဖျက်ခဲ့တာလို့ ဆေးရုံအုပ်ကြီးက Delta News Agency ကိုဖြေကြားခဲ့ပါတယ်။

ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စု၊ ကုလားပဲချောင်းရိုး ကျေးရွာမှာ နာရေးတစ်ခုကနေ ကိုဗစ်အတည်ပြုလူနာ(၃)ဦးစတင်တွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်သူတွေနဲ့ထိတွေ့မှုများတဲ့ ထလွန်ကျေးရွာ၊ ကုလားပဲချောင်းရိုးကျေးရွာနဲ့ ရေကျော်ကျေးရွာက နေအိမ်တွေကို အသွားအလာကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

နာရေးကနေ ကိုဗစ်ရောဂါကူးစက်သူ အရေအတွက်ဟာ အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂)ပတ်အတွင်း (၃၁)ဦးရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဖျာပုံမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ (၉၄)ဦးရှိပြီး အဲဒီထဲက(၈၄)ဦးဟာ ကျန်းမာရေးပြန်ကောင်းလို့ ဆေးရုံဆင်းသွားကြပါပြီ။ ကုသမှုဆက်လက်ခံယူနေသူ (၁၀)ဦး ကျန်ရှိတယ်လို့ ဖျာပုံပြည်သူ့ဆေးရုံကြီးမှတ်တမ်းတွေအရ သိရပါတယ်။