ပုသိမ်ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေ ကိုဗစ်ရောဂါကူးစက်ခံရ

၇၊ဇန်နဝါရီ၊၂၀၂၁။

ပုသိမ်မြို့မှာဒီနေ့(၁၀)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်ကမ်းနားလမ်းရွှေဘုံသာ ကမနေ့ကလူနာ(၇၁၀)ရဲ့မြေးဖြစ်သူ(၃)နှစ်အရွယ်မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေထိုင်တဲ့ အသက်(၅၄)နှစ်အရွယ်အမျိုးသမီးတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

ပုသိမ်ဆေးရုံ၀န်း သူနာပြုဆောင်မှာနေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ်သူနာပြုဆရာမ တစ်ဦးဟာ အနံပျောက်နေတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။
ရောဂါတွေ့ခဲ့တဲ့သူနာပြုဆရာမနဲ့ အဆောင်အတူနေသူများကိုစစ်ဆေးခဲ့ရာFever Clinicမှာတာ၀န်ကျနေတဲ့ အသက်(၂၉)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ အမျိုးသမီးခွဲစိတ်ဆောင်က အသက်(၂၇)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ သားဖွားမီးယပ်ဆောင်က အသက်(၄၆)နှစ်အရွယ်sisterနဲ့ အသက်(၂၄)နှစ်အရွယ်သားဖွားဆရာမတို့ (၄)ဦးမှာရောဂါတွေ့ခဲ့ပါတယ်။

ရောဂါတွေ့တဲ့ဆရာမတွေနဲ့ထိတွေ့မှုရှိထားတဲ့ ပဒင်းတန်း နေထိုင်တဲ့ အသက်(၅၅)နှစ်အရွယ်သားဖွားမီးယပ်အထူးကုဆရာ၀န်ကြီးဟာ ဒီနေ့အနံပျောက်သွားတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားပြီးရန်ကုန်အမျိုးသားဓါတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတဲ့ဂွေးချိုရွာက လူနာ(၆၄၆)ရဲ့အသက်(၄၉)နှစ်အရွယ်မိခင်နဲ့ဒုံးကွင်းတိုးချဲ့(၃)လမ်းက လူနာ(၆၄၇)ရဲအသက်(၁၉)နှစ်အရွယ်ဇနီးဖြစ်သူတို့မှာ ရောဂါတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၇၃)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၆၆၃)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။