ပုသိမ်ကိုဗစ်လူနာသစ်လေးဦးမှာ အနံပျောက်လို့လာပြသူနှစ်ဦးပါ၀င်

၂၈၊ ဒီဇင်ဘာ၊ ၂၀၂၀။

ပုသိမ်မြို့မှာ ဒီကနေ့ ကိုဗစ်လူနာသစ်(၄)ဦးတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ကျောက်စရစ်ကုန်းကအသက်(၃၀) အရွယ်အမျိုးသားဟာ အချုပ်သားလူနာ(၅၇၈)နဲ့ထိတွေ့မိတာကြောင့်ကွာရန်တင်းစင်တာမှာအသွားအလာကန့်သတ်ထားပြီး ပထမအကြိမ် စစ်ဆေးရာမှာ ရောဂါမတွေ့ပဲ ဒီနေ့စစ်ဆေးမှုမှာတော့ ရောဂါတွေ့ခဲ့ပါတယ်။

လူနာ(၄၉၃)နဲ့ထိတွေ့မိလို့ ကွာရန်တင်း၀င်နေတဲ့တဂေါင်းဘုရား ရွာသာယာက အသက်(၁၇)နှစ်အရွယ် အမျိုးသမီးကိုလည်း ဒီနေ့ ဒုတိယအကြိမ်စစ်ဆေးမှုမှာ ရောဂါတွေ့ခဲ့ပါတယ်။

ပုသိမ်ဘူတာဈေးအနီးမှာ ထမင်းကြော်ရောင်းတဲ့ အသက်(၅၆)နှစ်အရွယ်အမျိုးသမီးဟာ အနံပျောက်နေတာသုံးရက်ရှိတာကြောင့် ဆေးရုံကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာမနေ့ကအထိ ဈေးထွက်ထားတယ်လို့သိရပါတယ်။

ငဝန်ကျွန်းသာ(၄)လမ်းက အသက်(၇၃)နှစ်အရွယ်အငြိမ်းစားကျောင်းဆရာဟာ အနံပျောက်နေတာသုံးရက်ရှိနေတာကြောင့် ဒီနေ့မနက်ပုသိမ်ဆေးရုံကို လာရောက်ပြသရာက ရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာ ဆေးရုံတက်ရောက်ခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ(၆၉၁)ဦး ရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၂၀)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။