ဒီချုပ်ပါတီတိုင်းလွှတ်တော်အမတ်လောင်းစာရင်း လူဟောင်း ၂၀ သာပြန်ရွေးချယ် (ပြည်သူနဲ့ထိတွေမှုနည်းလို့ လူဟောင်းအချို့ကို ချန်ထားခဲ့တာပါ)

၂၅ ၊ ဇူလိုင်လ ၊ ၂၀၂၀

ဇူလိုင်လ ၂၃ ရက်နေ့က ဒီချုပ်ပါတီက လာမယ့်ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အဟောင်းထဲက လူ ၂၀ ကိုပဲ ပြန်ရွေးချယ်ခဲ့တာပါ ။

ဧရာဝတီတိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိပြီး ၊ တစ်မြို့နယ်အတွက် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၂ ဦးစီ ရွေးချယ်ရတာ ဖြစ်လို့ ကိုယ်စားလှယ်ပေါင်း ၅၂ နေရာအတွက် ရွေးချယ်ကြရတာပါ ။

အခုလို လူဟောင်းပါဝင်မှု နည်းသွားတာနဲ့ပါတ်သက်ပြီး Delta News Agency က ဒီချုပ်ပါတီရဲ့ ဧရာဝတီတိုင်းဥက္ကဌ ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းရာမှာ “မြို့နယ်ရဲ့ ဦးစားပေးတင်ပြမှုကလည်း နည်းပါတယ် ၊ တိုင်းကပြန်လည်စိစစ်တဲ့နေရာမှာလည်း လက်ရှိကိုယ်စားလှယ်တော်တော်များများက ပါမလာတော့ပါဘူး ၊ အဲဒါကြောင့် ဗဟိုကချပေးတဲ့ စာရင်းထဲမှာ နည်းသွားတာပါ ။ ဘာလို့ ပါမလာတာလဲဆိုတော့ အဓိကအားဖြင့်တော့ ပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုအပိုင်း အားနည်းတာရယ် ၊ ရောဂါရှိလို့ တခြားအကြောင်းကြောင်းတွေကြောင့် ပြန်လည်မလျှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါတယ် ။ အဲဒါကြောင့် နည်းသွားတာပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ် ။

CEC အနေနဲ့ မြို့နယ်အဆင့်ရွေးချယ်ပေးလိုက်တဲ့ စာရင်းထဲက ဘယ်နှစ်ယောက်ကို ရွေးချယ်ခဲ့ပြီး ဘယ်နှစ်ယောက်ကို ပယ်ချခဲ့တယ်ဆိုတဲ့ စာရင်းကိုတော့ အတိအကျ မပြုစုရသေးဘူးလို့ ဆိုပါတယ် ။

အခုလို ရွေးချယ်တဲ့အခါမှာ လက်ရှိ ဧရာဝတီတိုင်းအစိုးရအဖွဲ့ထဲက ဝန်ကြီးချုပ်တွေ ၊ ဝန်ကြီးတွေ ၊လွှတ်တော်ဥက္ကဌတွေ ပြန်လာပါဝင်လာခဲ့ပြီး ဒေသခံလူထု ထောက်ခံမှုရခဲ့တဲ့ ကိုယ်စားလှယ်တချို့ ကျန်နေခဲ့တဲ့အပေါ်မှာ ဝေဖန်မှု တချို့လည်း ရှိနေပါတယ် ။

“လက်ရှိစာရင်းမှာပြန်ပါမလာတဲ့ ညောင်တုန်းတိုင်းဒေသကြီး(၁) ဒေါ်နီနီမိုးကတော့ ပြည်သူနဲ့ထိတွေ့ဆက်မှုအပိုင်း အားနည်းလို့ဆိုတဲ့ အချက်ကို လက်မခံခဲ့ပါဘူး ။ မြို့နယ်ကရွေးချယ်ပေးလိုက်ပြီး ပါမလာတဲ့သူတွေ ၊ တကယ်လူထုနဲ့ ထိတွေဆက်ဆံတဲ့လူတွေက ကျန်ခဲ့ပြီး လူထုနဲ့ထိတွေမှုအားနည်းတဲ့သူတွေ ပြန်ပါလာတာတွေ ကိုနာမည်နဲ့တကွ ရေတွက်ပြခဲ့ပြီး လာမယ့်ရွေးကောက်ပွဲမှာ ပါတီနစ်နာသွားမှာကို စိုးတယ်”လို့ ပြောပါတယ် ။

လက်ရှိရွေးချယ်မှုမှာ လူလတ်ပိုင်းအချို့ကျန်ခဲ့ပြီး အသက် ၈၀ ကျော်တဲ့သူ ၂ ဦးအထိပါဝင်နေပြီး ၇၀ ကျော် ၅ ဦးအထက်မှာ ရှိနေတယ်လို့လည်း သိရပါတယ် ။