တောင်ကိုရီးယားဘဏ်နှစ်ခုက မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေကို ချေးငွေထုတ်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရဘဏ်ကြီးနှစ်ခုဖြစ်တဲ့ Shinhanနဲ့ Hana ဟာ မြန်မာစစ်တပ်နဲ့ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေထုတ်ပေးတာနဲ့ ရင်းနှီးမြုပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ The Korea Herald သတင်းဌာနက ဒီနေ့မတ်လ ၂၅ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၉ခုနှစ် စက်တင်ဘာလမှာ Shinhan Bankရဲ့ ရန်ကုန်ဘဏ်ခွဲဟာ Myanmar Posco C&C ကုမ္ပဏီကို ကိုရီးယားဝမ် ၈၄၇မီလီယံ (အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀) တန်ဖိုးရှိတဲ့ ‌ချေးငွေတွေ ထုတ်ပေးခဲ့တယ်လို့ Justice for Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ အချက်အလက်တွေကို ကိုးကားပြီး The Korea Herald သတင်းဌာနက ဖော်ပြခဲ့တာပါ။

Myanmar Posco C&C စတီးကုမ္ပဏီဟာ Posco Group ရဲ့ Posco C&C ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင်လုပ်ငန်းနှစ်ခုထဲက တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့ ပူးတွဲတည်ထောင်ထားတာပါ။ စစ်တပ်ပိုင်နောက်ထပ်လုပ်ငန်းတစ်ခုကတော့ Myanmar Economic Corporation လုပ်ငန်းဖြစ်ပါတယ်။

Myanmar Posco C&Cကုမ္ပဏီကို ၂၀၁၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ရှယ်ယာ၃၀ရာခိုင်နှုန်းပါဝင်ပါတယ်။

ဒါ့အပြင် Hana Bank ဘဏ်ဟာလည်း ဗီယက်နမ်အစိုးရပိုင် Bank for Investment and Development of Vietnam(BIDV)ဘဏ်နဲ့ ဘဏ္ဍာရေးဆက်စပ်မှု ရှိနေပါတယ်။ BIDVဟာ မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီနဲ့ ဘဏ္ဍာရေးတိုက်ရိုက်ဆက်သွယ်မှုရှိနေတာ ဖြစ်ပါတယ်။

Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ Star High Companyကုမ္ပဏီနဲ့ ဗီယမ်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့ရဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုပါ။ ဒါ့အပြင် ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ BIDV ဘဏ်က Mytel ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၅ မီလီယံ ချေးငွေထုတ်ပေးခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ Hana Bank ဟာ BIDVဘဏ်ရဲ့ ရှယ်ယာ ၁၅ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာကြောင့် ဒုတိယအများဆုံး အစုရှယ်ယာရှင်လည်း ဖြစ်လာခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကိုရီးယားဘဏ်လုပ်ငန်းနှစ်ခုအကြား ဘဏ္ဍာရေးဆက်နွယ်မှုတွေက မကြာသေးခင်က တောင်ကိုရီးယားအနေနဲ့ စီးပွားရေးလုပ်ငန်း ပူးပေါင်းလုပ်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင် ၊ လူမှုအသိုင်းအဝိုင်းနဲ့ အုပ်ချုပ်မှုစနစ်ကိစ္စရပ်တွေအပေါ် သက်ရောက်မှုကို အာရုံစိုက်လုပ်ဆောင်မယ့် ESG မူဝါဒကို အရှိန်မြင့်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်နေတယ်လို့ Justice for Myanmar အဖွဲ့က ထောက်ပြခဲ့ပါတယ်။

Ref : koreaherald
Photo Credit :