တိုင်းဥပဒေရုံးအရာရှိ ၊ အထည်ချုပ်၀န်ထမ်းအပါအ၀င် ပုသိမ်ကိုဗစ်လူနာ(၅)ဦးတွေ့

၃၀၊ ဒီဇင်ဘာ၊ ၂၀၂၀။

ပုသိမ်မြို့အတွင်း ဒီကနေ့(၅)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ကန်သာယာ(၃)လမ်းမှာနေထိုင်ပြီး ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံက အသက်(၃၁)နှစ်အရွယ်အမျိုးသမီးဟာ နှာခေါင်းပိတ်၊အနံပျောက်နေတာကြောင့် သာသနာ့ဗိမာန် Fever Clinicကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာစက်ရုံကပိုးတွေ့လူနာ(၅၇၉)နဲ့အလုပ်အတူဆင်းခဲ့တယ်လို့ သိရပါတယ်။

တဂေါင်းဘုရား အတွင်းလမ်းမှာနေထိုင်တဲ့ အသက်(၃၇)နှစ်အရွယ်အမျိုးသမီးဟာ ဖျားနေတာတစ်ပတ်ရှိပြီး ဒီနေ့အနံပျောက်တာကြောင့် သာသနာ့ဗိမာန် Fever Clinicကို လာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။ သူဟာ ပိုးတွေ့လူနာမိသားစုနဲ့ တစ်လမ်းထဲနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

မရမ်းချောင်ကျေးရွာအုပ်စု ဂွေးချိုရွာမှာနေထိုင်တဲ့ အသက်(၃၁)နှစ်အရွယ်အမျိုးသမီးဟာ အနံပျောက်လာတာကြောင့်ပုသိမ်ဆေးရုံကို လာပြရာက ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ တိုင်းဥပဒေရုံးကဥပဒေအရာရှိဖြစ်ပြီး ဒီဇင်ဘာ(၂၄)ရက်နေ့ထိ ရုံးတက်ထားတယ်လို့ သိရပါတယ်။

ဒုံးကွင်းတိုးချဲ့(၃)လမ်းမှာနေထိုင်တဲ့အသက်(၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဖျားပြီးအနံပျောက်တာ(၄)ရက်ရှိနေတာကြောင့် ပုသိမ်ဆေးရုံကိုလာပြရာက ရောဂါတွေ့ခဲ့ပါတယ်။ သူဟာမြကျွန်းသာက စိုက်ပျိုးမွေးမြူရေးကုမ္ပဏီတစ်ခုက ၀န်ထမ်းဖြစ်ပါတယ်။

အောင်မင်္ဂလာ(၃)လမ်းက အသက်(၄၄)နှစ်အရွယ်အမျိုးသမီးဟာ ဖျားပြီးနောက်ပိုင်း အနံမရတော့တာကြောင့် ပုသိမ်ဆေးရုံကိုလာရောက်ပြသရာမှာ ရောဂါတွေ့ခဲ့တယ်လို့သိရပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၀၁)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၆၄)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။