ဆိုင်ကယ်အတွင်းမှ ငွေကျပ်သိန်း (၂၀) ခိုးယူသူကို (၂၄)နာရီအတွင်း ဖမ်းမိ

၉ ၊ဇန်နဝါရီ ၊၂၀၂၁​။

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့မှာ ဆိုင်ကယ်အတွင်း ထည့်ထားတဲ့ ငွေကျပ်သိန်း၂၀ ခိုးယူသူကို နာရီပိုင်းအတွင်းဖမ်းမိခဲ့တယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေသိရပါတယ်။

ဇန်နဝါရီ ၈ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ် မုံရွာလမ်းမကြီး၊ မြက်တိုမီးပွိုင့်အနီးက ကွမ်းယာဆိုင်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်အုံးအောက်ထဲကငွေတွေ ခိုးယူခံရတာဖြစ်ပြီး ကျူးလွန်သူ ၂ဦးအနက် တစ်ဦးကို နေ့လည် ၃နာရီဝန်းကျင်မှာ ဖမ်းဆီးရမိတာပါ။

“ခိုးယူခံရသူက ကျူးလွန်သူ ၂ ဦးပုံ ပါတဲ့ ccvt မှတ်တမ်း ကို viber app ကနေ ပို့ပြီးတိုင်ကြားခဲ့တာပါ ၊အချိန်တိုအတွင်းမှာ ကျူးလွန်စဥ်က ဝတ်ထားတဲ့ အင်္ကျီ ကို လဲဝတ်ပြီး ခိုးယူထားတဲ့ငွေအချို့နဲ့ ရွှေထည်တွေလုပ်ပစ်လိုက်ပေမယ့် သက်သေခံပစ္စည်း​တွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်” လို့ ပုသိမ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်းကပြောပါတယ်။

‌ကျူးလွန် ၂ဦးကိုသွားရောက်ဖမ်းဆီးစဥ်မှာ အသာတကြည် အစစ်ဆေးမခံပဲ​ ပြန်လည်တိုက်ခိုက်ပြီးထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး အသက် ၂၀နှစ်အရွယ် ဖြိုးဝေအောင် လွတ်မြောက်သွားပါတယ်။

ခိုးယူကျူးလွန်ခဲ့တဲ့ ဖမ်းဆီးရမိသူ အသက်၂၁နှစ်အရွယ် အောင်မြင့်မြတ်ကို ၅၀၀၀ ကျပ်တန် ၄၈ရွက်၊ ခိုးယူရရှိတဲ့ ငွေနဲ့ ဝယ်ယူထားတဲ့ ကျပ်၆သိန်းကျော်တန် လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရံနဲ့ ကျူးလွန်စဥ်က ဝတ်ထားတဲ့ အင်္ကျီတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အောင်မြင့်မြတ်နဲ့ ဖြိုးဝေအောင်တို့ကို ပုသိမ်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၉(နှိုက်)နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးသွားသူ ဖြိုး​ဝေအောင်ကို ဖမ်းမိရေးအတွက် ဆက်လက်လုပ်ဆောင်နေပါတယ်။