စိတ်ကျဝေဒနာ

ရေးသားသူ – ဒေါက်တာသော်ဇင်ညိမ်း (မိသားစုကျန်းမာရေး စောင့်ရှောက်မှုဆရာဝန်)

၆ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (ကျန်းမာရေးဆောင်းပါး)

လူတိုင်းစိတ်ညစ်ဖူးကြတာပါပဲ။ စိတ်မညစ်ဖူးတဲ့သူ ဘယ်ရှိပါ့မလဲ။

စာမေးပွဲကျလို့ စိတ်ညစ်တယ်။ ရည်းစားနဲ့ ကွဲလို့ စိတ်ညစ်တယ်။
မိသားစုဝင် ချစ်ခင်ရသူတွေ ရှင်ဝေးသေဝေး ဝေးကြရလို့ စိတ်ညစ်ကြရတယ်။
ရာထူးကျတာ၊ အကြွေးထူမိနေတာ၊အလုပ်မှာ မကြာခဏ အဆူခံရတာ၊ အထီးကျန်လွန်းတာတွေကြောင့် စိတ်ညစ်ကြရတယ်။

စိတ်ညစ်တာ ပိုဆိုးလာပြီး အလုပ်အကိုင်ပျက်တာ နေ့စဉ်လူနေမှုဘဝမှာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်နိုင်တော့တာတွေထိ ဖြစ်လာရင် စိတ်ကျရောဂါ(Depression)အဖြစ် ဆေးပညာကသတ်မှတ်ပါတယ်။

စိတ်ကျဝေဒနာရဲ့ ရောဂါလက္ခဏာတွေက
မျက်နှာ မကြည်မသာဖြစ်နေမယ်။ မှုံကုတ်နေမယ်။ ထိုင်းမှိုင်းလေးလံနေမယ်။
ပိုဆိုးပြင်းထန်လာရင် ငိုချင်သလို ဖြစ်နေမယ်။
ထပ်ဆိုးလာရင် တချိန်လုံး ငိုချည်းနေတတ်ပါတယ်။

အပြစ်ရှိသလို ခံစားရတာ(Guilt)
မိမိက ဘာမှ အမှားမလုပ်ထားပေမယ့် အပြစ်ရှိနေသလိုလို တာဝန်မကင်းသလိုလို ခံစားမိနေတတ်ပါတယ်။ပိုဆိုးလာရင် ရဲစခန်းထိသွား အဖမ်းခံပြီး ‘ရဲက ခင်ဗျား ဘာပြစ်မှု ကျူးလွန်ထားလို့လဲ ‘လို့မေး ‘ကျနော် သဉ္ဇာဝင်ကျော်ရဲ့ ပုံတွေကြည့်ပြီး စိတ်ကူးကျူးလွန်မိပါတယ်’ ဝန်ခံတာမျိုး ကြောင်တောင်တောင်နိုင်တဲ့ အထိ Guilty ဖြစ်နေတတ်ပါတယ်။

အာရုံစူးစိုက်လို့မရတာ (loss of concentration)
စာကျက်လို့မရတာ။ ခေါင်းထဲမှတ်လို့မရတာ။ ရင်းနှီးနေကျနာမည် ခေါ်နေ ညွှန်းနေကျနာမည်ကိုပဲ ရုတ်တရက်မထွက်တာ မျိုးတွေက မှတ်ဉာဏ် ကျဆင်းလာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

မပျော်ရွှင်တာ။ မျှော်လင့်ချက်မဲ့တာ။
“သွားပါပြီကွာ ။ ငါလုပ်ရင်လဲ ဖြစ်လာမှာမဟုတ်ပါဘူး။”ငါ့ကျမှ လောကကြီးကမတရားဘူး ၊ စိတ်ပျက်စရာကြီး။
စတာတွေ စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေပဲပေါ့။

စိတ်ကျဝေဒနာက စိတ်မှာခံစားရတဲ့ လက္ခဏာတွေနဲ့တင်မက ကိုယ်ခန္ဓာရဲ့ ဝေဒနာနဲ့လာတတ်တာလဲရှိပါတယ်။
စိတ်နဲ ရုပ်ဟာ တဆက်တည်းမို့လား။
မူးတာ ၊ ဝေတာ ၊ ပျို့ချင်သလို အန်ချင်သလိုဖြစ်တာ ၊ မကြာခဏဆီးသွားတာ ၊ ညဘက်အိပ်မပျော်တာ ၊ ဇတ်ကြောတက်တာ။

ညဘက်အိပ်မပျော်တာဟာလည်း စိတ်ကျဝေဒနာရဲ့ အတွေ့ရများတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
အိပ်မပျော်ဘူးဆိုရင် ညဦးပိုင်းအိပ်ပျော်အောင် စ,အိပ်ဖို့ခက်တာလား။ ညလယ်မှာ နိုးတဝက်အိပ်မက်နဲ့ လွင့်မျောနေပြီး မနက်နိုးတော့လဲ အိပ်ရေးမဝ,သလိုခံစားရတာ၊ မနက်အစောကြီး နိုးနိုးနေတာ ဆိုပြီး သုံးပိုင်းခွဲပြောလို့ရပါတယ်။ မနက်အစောကြီးနိုးနိုးနေပြီး အတွေးတွေများပြီး ပြန်လဲ အိပ်လို့မရတော့ဘူးဆိုရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါပြီ။ ဆွမ်းချက်ဖို့ ထ,ရတာမျိုးတော့ မဖြစ်ရဘူးပေါ့။ သူ့အလိုလိုနိုးနိုးလာတာကို ဆိုလိုတာပါ။

နောက်တခုက ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု လျော့လာတာ။
ဘာလုပ်လုပ် တွေဝေနေမယ်။ ဆုံးဖြတ်ချက်မကျဘူး။ လုပ်တော့လဲ မနည်း ဖြစ်ညှစ်ပြီးလုပ်နေရမယ်။ သူငယ်ချင်းတွေကို ဖုန်းလဲမဆက်ချင်ဘူး။ တွေ့ဖို့လဲ ရှောင်နေမယ်။ နောက်ဆုံး ဘာမှမလုပ်နိုင်တော့တဲ့အထိ အရုပ်ကြိုးပြတ်လဲကျသွားတတ်တယ်။

တခါတလေကျပြန်တော့လဲ စိတ်ကျဝေဒနာက စိုးရိမ်ပူပန်မှုသောက(Anxiety)နဲ့လဲ လာတတ်ပါတယ်။ Anxiety က စိတ်တွေလောနေမယ်။ အကြောင်းအရင်း မယ်မယ်ရရမရှိပဲ ပူပန်နေမယ်။ ညနေစောင်းမှ အလုပ်က ပြန်ညလာနေကျသမီး နေလေးနည်းနည်းညိုလို့ ပြန်မရောက်သေးရင် ဖုန်းအခါတရာလောက် ဆက်မေးတတ်တာ။ တခါး ပိတ်ပြီး အပြင်ရောက်မှ မီးတွေရောပိတ်ရဲ့လား တံခါးပြန်ဖွင့် ပြန်စစ်။ တခါ တံခါးပိတိပြီး စိတ်ကမချသေးတာနဲ့ ပြန်စစ် ထပ်စစ်။ လက်ကိုလဲ ရေနဲ့ဆပ်ပြာနဲ့ ဆေးရင်းဆေးရင်း ဆပ်ပြာတတုံးလုံကုန်တဲ့ထိ တထိုင်ထဲ လက်ဆေးမိနေတာ။

တချိုကျတော့လဲ ကျန်းမာရေးအတွက် သောကလွန်တတ်ပြန်တယ်။
ငါ့မှာ cancer ဖြစ်နေပြီထင်တယ်။ HIV ရှိနေပြီလား တွေးထင်တယ်။ နှလုံးရောဂါတော့ ကြီးကြီးမားမားရှိနေပြီဆိုပြီး မိမိဘာသာ ကောက်ချက်ချတတ်တယ်။ အဲ့သလို လူနာမျိုးတွေဟာ ရပ်ကွက်ထဲမှာ ဆေးခန်းတကာ လှည့်ပြ၊ ဆေးရုံတိုင်းလဲရောက်၊ သွေးစစ်ဆီးစစ် ECG ဆွဲ ဓာတ်မှန်ရိုက်တော့ အကုန်ကောင်း ဖြစ်နေရင်တော့ ဒါကို စိတ်ကျန်းမာရေး ကြောင့်လား စ,တွေးရပါပြီ။

အထက်မှာ ဖော်ပြခဲ့တာတွေက စိတ်ကျဝေဒနာရဲ့ လက္ခဏာတွေပါ။ သာမာန်စိတ်ညစ်တာလေးကနေ ပြင်းထန်စိတ်ကျဝေဒနာထိ ပြင်းအားကွဲပြားတတ်ပါတယ်။ အချိန်ကာလအားဖြင့်လဲ နှစ်ပတ်ကနေ နှစ်ချီတဲ့အထိ ကြာတတ်ပါတယ်။

သာမန်စိတ်ညစ်တာနဲ့ အပျော့စားစိတ်ကျဝေဒနာကတော့ ပတ်ဝန်းကျင် ၊မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေရဲ့ ဖေးမမှု ၊ အဖော်ပြုမှု ၊နဲ ပြန်ထူထောင်လာတတ်ပါတယ်။ အတွေးအမြင်လေးတွေ ပြောင်းလဲပြီး မိမိကိုယ်တိုင် အတင်အသင့်နှလုံးသွင်းနိုင်လာရင် ခံစားရသက်သာပါတယ်။ လောကဓံကို ယောနိသော မနသိကာရ နဲ့တိုက်တာပါ။

အဲ..ပြင်းထန်လာရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသပြီး စိတ်ကျဝေဒနာ အတွက် စိတ်ကြည်ဆေးသောက်ရပါတော့မယ်။

Photo Credit – Google