စပိန်တုပ်ကွေး ၊ အဆိုးဝါးဆုံး ကပ်ရောဂါမှ သင်ခန်းစာ

၈ ၊ အောက်တိုဘာ ၊ ၂၀၂၀ ။

ပထမကမ္ဘာစစ်တွင်းကာလ ၁၉၁၈မှာ စတင်ဖြစ်ပွားခဲ့တဲ့ H1N1 Virusပိုးကြောင့်ဖြစ်တဲ့ စပိန်တုပ်ကွေး ကပ်ရောဂါဆိုးကြီးဟာ လူသားသန်းပေါင်းငါးဆယ်ကျော်ကို ဝါးမြိုသွားခဲ့ပါတယ်။

ထိုစဉ်အချိန်က ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ရောဂါပိုး ကူးစက်ခံခဲ့ရပါတယ်။ အရေအတွက်အားဖြင့် လူသားသန်း ၅၀၀ ကို ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

စပိန်တုပ်ကွေးကြောင့် သေဆုံးသူအများစုဟာ အရွယ်ကောင်းသက်လတ်ပိုင်းလူငယ်တွေ ဖြစ်ကြပါတယ်။ ဒီအချက်ဟာ အခုလက်တလော ဖြစ်နေတဲ့ ကိုရိုနာအုပ်စုဝင် SARS COV -2 ဗိုင်းရပ်ပိုးကြောင့် ဖြစ်ရတဲ့ Covid 19 ကပ်ရောဂါရဲ့ သဘာဝနဲ့တော့ ဆန့်ကျင်ဘက် ခြားနားလို့နေပါတယ်။

စပိန်တုပ်ကွေးကြောင့် သေဆုံးခဲ့ရတဲ့ သန်းငါးဆယ်ဆိုတဲ့ ပမာဏဟာ ကမ္ဘာစစ်နှစ်ခုပေါင်းသေဆုံးခဲ့ရသူဦးရေထက် များပြားနေတာကို ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ စစ်ပွဲနဲ့ သဘာဝဘေး အန္တရာယ်တွေဟာ ကပ်ရောဂါနဲ့ ပိုးမွှားတွေလောက် လူသားတွေကို မနှိပ်စက်ကြတဲ့သဘောပါ။

 

ကမ္ဘာကြီးဟာ လူသားတွေကို ဒဏ်ခတ်တတ်သလား

စစ်ပွဲတွေဟာ လူသားရဲ့ ဒေါသနဲ့ အမုန်းတရားကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ၊ သဘာဝဘေးအန္တရာယ်(မုန်တိုင်းတွေ ၊ ငလျင်တွေ)ကတော့ သဘာဝပါတ်ဝန်းကျင်ကို ထုတ်ယူသုံးစွဲတာ လွန်ကြူးခဲ့လို့ သဘာဝကတုန့်ပြန်တဲ့ဘေးဒဏ်လို့ ဆိုစမှတ်ပြုကြပါတယ်။

ပိုးမွှားတွေကြောင့် ဖြစ်ရတဲ့ ကပ်ရောဂါများကရော ဘာကြောင့်ဖြစ်ရတာပါလဲ။ မြို့ပြထူထောင်ခြင်း ၊ တောတောင်များ ပျောက်ဆုံးခြင်း ၊အဆမတန်ကြီးမားသော ဆည်များ‌ဖောက်လုပ်ခြင်းကဲ့သို့ သဘာဝပါတ်ဝန်းကျင်ကို အလွန်အကျွံစွက်ဖက်ခြင်း စတဲ့ အချက်တွေဟာ အဓိက အကြောင်းအချက်တွေပါပဲ။
(ကိုးကား -ဒေါက်တာမြင့်ဇော် -ကိုဗစ်နောက်ကြောင်းပြန် ၊ ဂေဟဗေဒနှင့် လူမှုစီးပွား အမြင်မှလေ့လာခြင်း)

စပိန်တုပ်ကွေးကပ်ရောဂါကြီးကို လေ့လာကြည့်ပြန်တော့လည်း စစ်စခန်း လူစုလူဝေးမှာ စတင်ပျံ့နှံ့ခဲ့ပြီး ကမ္ဘာအနှံ့ကို အချိန်တိုတွင်း ပျံ့နှံ့ရောက်ရှိခဲ့တဲ့ အကြောင်းကလည်း စစ်ရေးရွှေ့ပြောင်းမှုတွေကြောင့်ပဲဆိုတာသတိပြုမိပါတယ်။ ကမ္ဘာလုံးချီ ကပ်ရောဂါကို အလျင်မီ မထိန်းချုပ်နိုင်ခဲ့ရတာကလည်း စစ်ပွဲနဲ့အလုပ်ရှုပ်နေခဲ့ကြတာကြောင့်ဖြစ်ရပါတယ် ။

ဒါ့ကြောင့်လည်း စပိန်တုပ်ကွေးကပ်အတွင်း သေဆုံးသူတွေဟာ သက်လတ်ပိုင်းအရွယ်ကောင်း ကျန်းမာဖျတ်လတ်သူတွေ ဖြစ်နေတာပါ။ စပိန်တုပ်ကွေးဟာ သမိုင်းမှာ ဖြစ်ခဲ့ပြီးပါပြီ။ ရှူးရှူးသွားပေါက်ချင်လို့ ကြည့်နေတဲ့ ဇာတ်ဝင်ခန်းကို အဝေးထိန်းခလုတ်သုံးပြီး ခေတ္တရပ်သလို ရပ်လို့ရနိုင်တဲ့ ဖြစ်ရပ်မျိုးမဟုတ်ပဲ တကယ်ကို ဖြစ်ခဲ့ပြီးပါပြီ။

 

စပိန်နဲ့ ဝူဟန်

စပိန်တုပ်ကွေးဟာ အမေရိကန် ကန်ဆတ်ဒေသ စစ်စခန်းကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ ပညာရှင်အများစုက မှတ်ယူထားပါတယ်။ Covid 19 ကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အစပြုခဲ့တာ အားလုံးသိပြီး ဖြစ်ပါတယ်။

စပိန်တုပ်ကွေးကတော့ လူရွယ်သက်လတ်ပိုင်း ကျန်းမာရေးကောင်းသူတွေကို ဆုံးရှုံးစေခဲ့ပြီး ဝူဟန်မှာစခဲ့တဲ့ Covid19 ကတော့ နာတာရှည်သွေးတိုး ၊ ဆီးချိုရောဂါတခုခု အခံရှိသူတွေကို အဓိကတိုက်ခိုက်တာ တွေ့ရပါတယ်။

စပိန်တုပ်ကွေးဟာ Avian Influenza အုပ်စုဝင် H1N1 ဗိုင်းရပ်ပိုးကြောင့် ဖြစ်ရပြီး Covid 19 ကတော့ Corona အုပ်စုဝင် SARS COV-2 ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပါတယ်။ နှစ်ကောင်စလုံးက ဗိုင်းရပ်ပါ။ ရောဂါလက္ခဏာ‌တချို့ကွဲပေမယ့် ကူးစက်ပုံနည်းလမ်းကတော့ လုံးဝအတူတူပါပဲ။

စပိန်တုပ်ကွေးဟာလည်း အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ စပိန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကလည်း Covid 19 မှာလိုပဲ ဖျားတယ် ၊နှာစေး ချောင်းဆိုး မယ် ၊ တဆင့်ခံဘက်တီးရီးယားပိုး(Secondary Bacteria Infection)ဝင်ပြီး အဆုတ်ယောင်ရမ်းတတ်ပါတယ်။

ခေါင်းကိုက်တာ ၊ နုံးတာ ၊ နှာခေါင်းပါးစပ်တို့မှ သွေးယိုတာကတော့ စပိန်တုပ်ကွေးမှာသာ တွေ့ရများပါတယ်။ ကူးစက်ပုံနည်းလမ်းတူပြီး ပိုးအမျိုးအစားဆင်တဲ့အတွက် ကာကွယ်ပုံ နှိမ်နင်းပုံ တူပါတယ်။

 

အဆိုးထဲက အကောင်း

အားသာတာက စပိန်တုပ်ကွေးတုန်းကဆိုရင် ကမ္ဘာ့ဆေးပညာက ဖွံ့ဖြိုးစကာလပဲရှိပါသေးတယ်။ နည်းပညာလည်း မဖွံ့ဖြိုးသေးတာရယ် ၊တဖက်မှာ ကမ္ဘာလုံးချီတဲ့ စစ်ပွဲကလည်း ရှိနေတာရယ်ကြောင့် စပိန်တုပ်ကွေးဟာ လက်ခမောင်းခတ်နိုင်ခဲ့ပါတယ်။

နှစ်တစ်ရာတိတိကြာပြီး Covid 19 ကပ်ရောဂါဖြစ်တဲ့ အချိန်မှာတော့ ဆေးပညာဟာအံ့ခမန်းတိုးတက်နေခဲ့ပါပြီ။ စပိန်တုပ်ကွေးနဲ့ယှဉ်ရင် Covid 19ကို အစောကြီး သတိပြုမိခဲ့ကြပါတယ်။ သတိပြုမိတဲ့အလျောက်လည်း ထိန်းချုပ်ရေး နည်းလမ်းတွေကို အကောင်အထည်ဖော်နိုင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဖြစ်ခဲ့တဲ့ SARS နဲ့ MERS ကဲ့သို့သော ပြင်းထန်ဗိုင်းရပ်ပိုးတွေကို လုံးဝထိန်းချုပ်နိုင်ခဲ့တာနဲ့ ယှဉ်ရင်တော့ Covid 19 ကို ကျနော်တို့ ကျရှုံးခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေထိကတော့ စပိန်တုပ်ကွေးကို ရှုံးနိမ့်ခဲ့သလိုမျိုး ဂိုးမပြတ်သေးဘူးလို့ ဆိုရမှာပါ။ အဆိုးထဲက အကောင်းပေါ့။

 

ကပ်ရောဂါထိန်းချုပ်ရေး

ကပ်ရောဂါတခုကို ထိန်းချုပ်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရှင်တွေ နိုင်ငံရေးသမားတွေ ၊အုပ်ချုပ်ရေးသမားတွေ ၊ ဥပဒေပြုရေးကလူတွေ ၊စေတနာ့ဝန်ထမ်းတွေ အားလုံးပါဝင်ဆောင်ရွက်ကြရပါတယ်။

စားနပ်ရိက္ခာ ၊ ရေနဲ့ဆေးဝါး ၊ အသိပညာနဲ့ သတင်းအချက်အလက်စီးဆင်းမှု စတာတွေကလည်း အရေးကြီးလှပါတယ်။ ဗျူဟာရွေးမှားရင် ဦးနင်းပဲ့ထောင် ဖြစ်နိုင်တာမို့ အဘက်ဘက် ချင့်ချိန်တွက်ချက်ကြရပါတယ်။

ကမ္ဘာမှာဖြစ်ခဲ့တဲ့ ဘယ်လိုကပ်ရောဂါမျိုးကြောင့်မဆို ပိုမိုထိခိုက်ဆုံးရှုံးကြရသူတွေကတော့ အခြေခံလူတန်းစားတွေ ၊ မြို့စွန်လူနေထူထပ်ရာ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်သူတွေပဲ ဖြစ်နေတာတွေ့ရပါတယ်။ စပိန်တုပ်ကွေးဖြစ်စေ ၊ Covid 19 ဖြစ်စေ ဒီနေရာမှာတော့ အတူတူပါပဲ။

 

မြန်မာနိုင်ငံနဲ့ စပိန်တုပ်ကွေး

တကမ္ဘာလုံးလူဦး‌ရေရဲ့ သုံးပုံတစ်ပုံသောလူသန်းငါးရာကို ကူးစက်စေခဲ့တဲ့ စပိန်တုပ်ကွေးဟာ မြန်မာနိုင်ငံကိုလည်း အလွတ်မပေးခဲ့ပါဘူး။ 1918 ဇွန်လထဲမှာ ရောက်ရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာလူဦးရေ လေးသိန်းခန့်ဟာ စပိန်တုပ်ကွေးကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ် ။
ထိုခေတ်ကာလက မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ သန်း၏ ၂-၃ ရာခိုင်နှုန်းခန့် သို့မဟုတ် လူလေးသိန်းခန့် သေဆုံးရသည်ဟု ဆိုထားသည်။

(Judith Richell ရေးသားသည့် Disease and Demography in Colonial Burma ကဲ့သို့ စာအုပ်များကို သာဓကပြု ကိုးကားနိုင်ပါသည်။)
ထုတ်နုတ် /မှ-https://lostfootsteps.org/…/myanmar-and-the-

 

1918-20…

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယတစ်နိုင်ငံတည်းမှာပင် သန်း၂၀ (တမ္ဘာလုံး သေဆုံးသူလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ) အသက်ဆုံးရှုံးခဲ့တာတွေ့ရပါတယ်။

ထိုစဉ်က မြန်မာနိုင်ငံမှာ လူနေကျဲပါးသော်လည်း အထွေထွေ ဆင်းရဲနိမ့်ကျခြင်း ၊ စီမံခန့်ခွဲမှုနဲ့ နည်းပညာအားနည်းခြင်း ၊ တကမ္ဘာလုံးမှာထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ အိန္ဒိယနဲ့ နီးကပ်နေပြီး အိန္ဒိယမှ ရွှေ့ပြောင်းအခြေချသူများနဲ့ ကူးလူးစက်ဆံခဲ့ရခြင်းတို့ကြောင့် လူဦးရေရဲ့ ၁-၂% အထိ အထိနာခဲ့ရတယ်လို့ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးရဲ့ စာမှာဖော်ပြထားပါတယ်။

ယခု ၂၀၂၀ ခုနှစ်မှာတော့ မြန်မာနိုင်ငံဟာ ဘယ်လိုပဲတွက်တွက် စပိန်တုပ်ကွေးကိုခံခဲ့ရသလိုတော့ မခံရနိုင်ဘူးလို့ မိမိတစ်ဦးတည်းအနေနဲ့ မှတ်ချက်ချမိပါတယ်။
စပိန်တုပ်ကွေး ဘယ်လို ပြီးဆုံးခဲ့သလဲ။

 

Covid 19 ဘယ်တော့ ပြီးမလဲ?

စပိန်တုပ်ကွေးဟာ ၁၉၂၀ ခုနှစ် ( စဖြစ်ပြီး နှစ်နှစ်အကြာ) မှာ ပြီးဆုံးခဲ့ပါတယ်။ ထိုစဉ်က ကာကွယ်ဆေး မပေါ်ခဲ့ပါ။ လူထုအတွင်း စုပေါင်းကိုယ်ခံအား ဖြစ်ပေါ်လာပြီး လူတစ်ဦးချင်းစီတွင် စပိန်တုပ်ကွေးပိုးကူးစက်ခံရပါက ရောဂါမပြင်းထန်တော့ခြင်း အသက်မဆုံးရှုံးဘဲ ခံနိုင်ရည်ရှိလာခြင်းတို့ကြောင့် စပိန်တုပ်ကွေးဟာ တဖြေးဖြေးအားပျော့ သွားခဲ့ပါတယ်။

စပိန်တုပ်ကွေးကို ဖြစ်ပေါ်စေခဲ့တဲ့ ဗိုင်းရပ်ပိုးဟာ ကမ္ဘာမြေပေါ်ကနေ လုံးဝပျောက်ကွယ်သွားတာမဟုတ်ပါ။

Covid 19 ဗိုင်းရပ်ပိုးဟာလည်း ကမ္ဘာကြီးရဲ့ ရာသီဥတုအတွင်းမှာ ဆက်လက်ရှင်သန်နေမှာ ဖြစ်ပြီး နှစ်စဉ် ကာကွယ်ဆေးထိုးဖို့လိုလိမ့်မယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

ဗိုင်းရပ်စ်ပိုးများရဲ့ သဘောသဘာဝအရ လူသားရဲ့ ကိုယ်ခန္ဓာများစွာထဲမှာ အချိန်ကာလတစ်ခုထိ လှည့်လည်ပြီးရင် တိုက်စွမ်းအားပျော့သွားသည့်သဘော ရှိပါတယ်။ဗိုင်းရပ်ပိုးတွင် Mutation ဖြစ်ပြီး ကူးစက်ခံလူသားထုအတွင်း Collective immunity ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။

 

နပမ်းဖက်လုံးနေလို့မရ

စပိန်တုပ်ကွေး အတွင်းကလည်း Mask တပ်ခြင်း ၊ လက်ဆေးခြင်း ၊ ခပ်ခွါခွါနေခြင်း ၊ ထိတွေ့များအား သီးခြားထားခြင်း ၊ ရောဂါဖြစ်ပွားသူများအား သီးခြားထားခြင်း စတဲ့ ထိန်းချုပ်ရေးဗျူဟာများ အသုံးပြုခဲ့ကြပါတယ် ။

Covid 19 နဲ့ စပိန်တုပ်ကွေးဟာ ကူးစက်ပုံနည်းလမ်း တူညီပြီး ကမ္ဘာကြီးဟာ အသက်ရှုလမ်းကြောင်းက တဆင့်ကူးစက်တတ်တဲ့ ကပ်ရောဂါတွေကို ထိန်းချုပ်ရေး နည်းလမ်းများအပေါ် 1918 ခုနှစ်အတွေ့အကြုံများအရရော နည်းပညာဖွံ့ဖြိုးလာမှုအရပါ အားသာမှုများရှိလာတဲ့ အတွက် အများကြီးခုသာခံသာရှိတာ သိသာထင်ရှားလှပါတယ်။

အနည်းဆုံးတော့ လတ်တလောမှာ ကမ္ဘာလုံးချီစစ်ပွဲကြီး ရှိမနေပါဘူး။ မကြာမီအချိန်အတွင်းမှာလည်း ကာကွယ်ဆေး ‌အတည်ပြုနိုင်တော့မယ့် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးများ တန်းစီနေကြတာ တွေ့မြင်နေရပါတယ်။

တစ်ဦးချင်းစီရဲ့ လူသားဘဝဖြစ်တည်မှုမှာ တခြား သေစရာအကြောင်းကိစ္စများမြောင်လှတာမို့ ပျော်ပျော်နေ သေခဲလို့သာဆိုချင်ပါတယ်။ ဒီနေ့ နေကောင်းနေရင် နေကောင်းတယ်။ ပျော်ရွှင်မှုဟာ ကိုယ်ခံအားကို မြင့်တတ်စေတယ် ။

တစ်ဦးအပေါ်တစ်ဦး အပြစ်တင်တာတွေ ၊ ထိုးနှက်တာတွေ ၊ မိမိကိုယ်မိမိ (ငါကြောင့် ဗိုင်းရပ်ပိုး ပိုပျံ့သွားမလား ဆိုပြီး )အပြစ်ရှိသလိုခံစားရတာတွေဟာ စိတ်ညစ်ငြူးစေပြီး ကိုယ်ခံအားကျဆင်းစေပါတယ်။Mask တပ် ၊ လက်ဆေး ၊ ခပ်ခွါခွါနေတာတွေကတော့ လုပ်ကို လုပ်ရမှာတွေ ဖြစ်ပါတယ်။

ပျော်ရွှင်ခြင်းဆိုသည်မှာ ကိုယ်လုပ်နိုင်တာတွေကို လုပ်ပြီး ၊ ကိုယ်မလုပ်နိုင်တာတွေကို ဥပေက္ခာတရားထားနိုင်ခြင်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ စပိန်တုပ်ကွေးကို ရှုံးသလိုတော့ ဂိုးပြတ်ရှုံးမယ် မထင်ပါ။

 

(ဒေါက်တာ သော်ဇင်ညိမ်း)
မိသားစုကျန်းမာရေး စောင့်ရှောက်မှု ဆရာဝန်

ကိုးကား
-Myanmar and the 1918-1920 Spanish Influenza (Dr. Thant Myint U)
-1918 Pandemic (H1N1)www.cdc.gov
-History of 1918 Flu Pandemic www.cdc.gov
-Beating the Flu -what to do www.mmtimes
-ဒေါက်တာမြင့်ဇော် -ကိုဗစ်နောက်ကြောင်းပြန် ၊ ဂေဟဗေဒနှင့် လူမှုစီးပွား အမြင်မှလေ့လာခြင်း
-မူဝါဒဆိုင်ရာ အဖြေရှာမှု ၊ဒေါက်တာ‌ဖေသက်ခင် ၊ ISP Myanmar Special Series 3/Oct/2020
image credit : Google