ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်း

ရေးသားသူ – Aunghein PhoeKhwar

၂၇ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (ကျန်းမာရေးဆောင်းပါး)

ကိုဗစ်ကြောင့် အနံ့ပျောက်ခြင်းသည် နှာခေါင်းပိတ်ခြင်းကြောင့် အနံ့မရှူနိုင်ခြင်းမျိုး မဟုတ်ပါ။

အတွင်းပိုင်းက အနံ့ခံသော အာရုံခံစနစ်၏ ပြသနာတစ်ခု ဖြစ်ပါသည်။ ကိုဗစ်တွင် နှာခေါင်းပိတ်ခြင်း နှာဆေးခြင်းသည် အဖြစ်နည်းပါသည်။ ကိုဗစ်ကြောင့် အနံ့မရပါက လုံးဝအနံ့မရခြင်းဖြစ်နိုင်သလို အနံ့ခပ်ပျော့ပျော့များကိုသာ မရတော့ခြင်းလည်း ဖြစ်နိုင်ပါသည်။ အနံ့အာရုံခံစနစ် တခဏတာ ပျက်စီးသည့်အတွက် နှာခေါင်းပေါက်နှစ်ဖက်စလုံးမှ အနံ့ခံလို့ မရတော့ပါဘူး။

လေ့လာမှုများအရ မိန်းကလေးများတွင် အနံပျောက်ခြင်း ပိုဖြစ်သည်ကိုတွေ့ရပါသည်။ တခါတရံ အနံ့ခံမရခြင်းအပြင် အရသာခံမရခြင်းပါ တွဲဖက်ဖြစ်ပေါ်တတ်ပါသည်။
ကိုဗစ်ရောဂါကြောင့် အနံမရခြင်းသည် အများအားဖြင့် မည်သည့်ကနဦးလက္ခဏာမျှမပြဘဲ ရုတ်တရက်ဖြစ်ပေါ်လာတတ်ပါသည်။ နှာခေါင်းပေါက်တစ်ဖက်ထဲမဖြစ်ပါ၊ နှစ်ဖက်လုံးဖြစ်ပါသည်။ တချို့တွင် ချောင်းခြောက်စတင်ဆိုးပြီးမှ အနံ့ပျောက်သွားတတ်ပါသည်။

အနံ့ပျောက်ခြင်းသည် ကနဦးရောဂါလက္ခဏာတစ်ခုအဖြစ် လာတတ်သကဲ့သို့ ဖျားနာနေသူများတွင်လည်း စဖျားပြီး ၄-၅ ရက်အတွင်း အနံ့ပျောက်သွားတတ်ပါသည်။
အနံ့ပျောက်မပျောက်စမ်းသပ်တဲ့အခါ နေ့စဉ်သုံးနေကျ ပစ္စည်းများဖြင့် မိမိကိုယ်ကို စမ်းကြည့်၍ရပါသည်။ နိုင်ငံခြားတွင် peanut butter, wasabi, coffee, vanilla extract စသည့်ပစ္စည်းများဖြင့် စမ်းသပ်ခိုင်းပါသည်။ မြန်မာနိုင်ငံအတွက် သနပ်ခါး၊ သံပရာသီး၊ ပင်စိမ်း၊ စံပယ်ပန်း၊ ကော်ဖီမူန့် အစရှိသော လူကိုအန္တရာယ်မပေးနိုင်တဲ့ လွယ်လင့်တကူရနိုင်သော နေ့စဉ်သုံးပစ္စည်းများဖြင့်စမ်းသပ်ရှူကြည့်နိုင်ပါသည်။

ပစ္စည်းနှင့်အနံ့အမျိုးအစားသည် အဓိကမဟုတ်ပါ၊ အနံ့ရမရကိုသာ အဓိကထားပြီး စမ်းသပ်ကြည့်ရပါမည်။ အကယ်၍ စိတ်မချပါက လူနှစ်ယောက်နိူင်းယှဉ်စမ်းသည့်အခါ ပိုးကူးစက်မူနည်းစေရန် ပစ္စည်းများ ရောမသုံးမိစေရန်လည်း သတိထားပေးပါ။

အနံ့ပျောက်ပါက ကိုဗစ်ပိုးစစ်ဆေးရန် တခုထဲမဟုတ်ဘဲ၊ အခြားရောဂါများရှိမရှိ အဆုတ်ကောင်းမကောင်း အောက်ဆီဂျင်ပုံမှန်ရှိမရှိ ဆေးကုသဖို့လိုမလို စသည်တို့ကို ဆရာဝန်နှင့် တိုင်ပင်ပြသကြည့်ရန် လိုအပ်ပါသည်။

ကိုဗစ်မှာ အနံ့ပျောက်တာက တခဏပဲ ဖြစ်ပါသည်။ အများစုက ၃-၄ ရက် တစ်ပတ်လောက်နေလျှင် အနံ့ပြန်ရလာတတ်ပါသည်။ လူအနည်းငယ်တွင် အနံ့ပျောက်ခြင်းသည် ၃-၄ ပတ်ခန့်အထိ ကြာနိုင်ပါတယ်။ အရမ်းစိတ်မပူပါနှင့်၊ တဖြည်းဖြည်း ပြန်ကောင်းလာပါလိမ့်မည်။ အနံ့ပျောက်ခြင်းသည် မည်သည့်ဆေးမျှ မသောက်ဘဲ ပြန်ကောင်းလာတတ်ပါသည်။

ဆေးမျိုးစုံသောက်လို့ ပြန်ကောင်းသွားကြသည်ဟုဆိုကာ “ဟိုဆေးစွမ်းတယ်” “ဒီဆေးစွမ်းတယ်” ဟု ထင်တတ်ကြပါသည်။ အနံ့ပြန်ရစေသည့်ဆေးဟုဆိုသည်များကို သတိထားသုံးပေးကြပါ။ ဆေးမြီးတိုများကိုလည်း ဥပါဒ် မဖြစ်အောင် သုံးစွဲပါ။ ဆေးမသောက်လျှင်လည်း သူ့အလိုလို အနံ့ပြန်ရသည် ဆိုသည့်အချက်ကို အမြဲသတိထားပေးကြပါ။ အစာအာဟာရကို မျှတအောင်စားပြီး အားရှိအောင်နေပါ။ ဖြည့်စွက်စာနှင့် အားဆေးများသောက်ပါက ပုံမှန်လိုအပ်သလောက်ပဲသောက်ပါ၊ အလွန်အကျွံ မဖြစ်အောင် သတိထားပါ။

အနံ့ပျောက်ပြီး ၃-၄ ရက်ခန့်အကြာ အနံပြန်ရလာခြင်းသည် ရောဂါအရှင်းပျောက်သွားခြင််းမဟုတ်ပါ။ ကိုဗစ်၏ ရောဂါလက္ခဏာတစ်ခု မရှိတော့ခြင်းသာ ဖြစ်ပါသည်။ ရောဂါလက္ခဏာမပြခင် ၂ ရက်မှစတင်ကာ ပြသအပြီး ၁၀ ရက်အတွင်း ကိုဗစ်ပိုးများပွါးလာပြီး အပြင်ကိုထွက်လာပါသည်။ ထို့ကြောင့် အနံ့မပျောက်ခင် ၂ ရက်ကတည်းက အတူနေမိသားစုကို ကူးပြီးနေပြီဟု ယူဆရပါမည်။

ကိုဗစ်ရောဂါလက္ခဏာခံစားနေရသူအပါအဝင်၊ ရောဂါလက္ခဏာမပြခင် ၂ ရက်က ထိတွေ့မိခဲ့သူ အတူနေမိသားစုဝင်အားလုံး အနည်းဆုံး ၁၄ ရက် သီးသန့်နေပေးရန် လိုအပ်ပါသည်။ တမိသားစုလုံး အပြင်မထွက်သင့်ပါ။

အနံ့ပြန်ရလာရင်လည်း ရောဂါပိုးကကိုယ်ထဲမှာရှိနေပြီး အခြားသူများကို ကူးနိုင်ပါသေးသည်။ အနံ့စပျောက်ပြီး အနည်းဆုံး ၁၁ ရက်မှ ၂ ပတ်လောက်အထိ အပြင်မထွက်ပါနှင့်။ မိသားစုအချင်းချင်းလည်း နီးနီးကပ်ကပ်မနေပါနှင့်။ မိမိအခန်းပြင်ထွက်တိုင်း မာစ်တပ်ပါ။

နေမကောင်းသူ အနံ့ပျောက်သူများ မိမိတို့၏ အလုပ်ကို အကြောင်းကြားပေးရန် လိုအပ်ပါသည်။ အတူတူလုပ်ကိုင်နေကြသော ဝန်ထမ်းများနှင့် သူတို့၏မိသားစုများကို မကူးစက်အောင် စာနာစိတ်ဖြင့် အသိပေးကြဖို့ လိုအပ်ပါသည်။

ကိုဗစ်အပြင် အခြားဗိုင်းရပ်စ်ပိုးများ နှာခေါင်းအတွင်းပိုင်းယောင်ယမ်းခြင်း နှာခေါင်းတွင်းအသားပိုထွက်ခြင်း ဓာတ်မတည့်ခြင်းများဖြစ်ပေါ်ပါက အနံ့ပျောက်ခြင်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်လည်း အခြားဗိုင်းရပ်စ်များထက် ကိုဗစ်မှာ ပိုအဖြစ်များသည်ကို တွေ့ရှိရပါသည်။

အနံ့ပျောက်ခြင်းသည် ကိုဗစ်ပိုးရှိသူ လူတိုင်းတွင် မဖြစ်ပေါ်ပါ။ အနံ့မပျောက် အရသာမပျက်ပဲ ဖျားခြင်း ချောင်းဆိုးခြင်း အစရှိသည့် အခြားလက္ခဏာများနှင့် ပြလာလျှင်လည်း ကိုဗစ်ဖြစ်နိုင်ပါသေးသည်။

Credit – MEDINFOMYANMAR Facebook Page