ကမ္ဘာကြီးပူနွေးလာမှုကြောင့် ခြင်က နေကူးစက်တဲ့ရောဂါ နှစ်ဆ မြင့်တက်လာနိုင်ဟု စစ်တမ်းတစ်ရပ်ဆို

(၇.ဧပြီ.၂၀၁၉)

ကမ္ဘာကြီး ပူနွေးလာတာနဲ့အမျှ အနာဂတ်ကာလမှာ ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေဟာ လူသားတွေရဲ့ ကျန်းမာရေးကို ပိုခြိမ်းခြောက်လာနိုင်ပါတယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ လူဦးရေ တစ်ဘီလီယံလောက်ဟာ ခြင်ကနေတဆင့် ကူးစက်တဲ့ ရောဂါတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လာမည့် နှစ် ၈၀အတွင်း အဲဒီပမာဏဟာ နှစ်ဆတိုးလာ နိုင်တယ်လို့ သုသေတန စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ သွေးလွန်တုပ်ကွေးရောဂါ၊ ငန်းဝါအဖျားရောဂါ၊ ဇီကာရောဂါစတဲ့ခြင်ကနေ ပေါက်ဖွားတဲ့ ရောဂါပိုးတွေကို ပိုပြီး ဖိတ်ခေါ်နေတယ်လို့ PLOS Neglected Tropical Diseases လို့ အမည်ရတဲ့ သုတေသန အစီရင်ခံစာတစ်ခုက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ ၀န်းကျင်ရှိပါတယ်။ ဒါပေမယ့် yellow fever mosquito လို့ခေါ်တဲ့ Aedes aegypti ခြင်အမျိုးအစားနဲ့ Asian tiger mosquito လို့ခေါ်တဲ့ Aedes albopictus ခြင်အမျိုးအစားဟာ အထူးသဖြင့် လူသားတွေအတွက် ပိုအန္တရာယ်များတယ်လို့ အဲဒီအစီရင်ခံစာအရ သိရပါတယ်။

အဲဒီခြင်အမျိုးအစားနှစ်ခုစလုံးက သွေးလွန်တုပ်ကွေး၊ ဇီကာ၊ ငန်းဝါအဖျားရောဂါနဲ့ ဆင်တုပ်ကွေး စတဲ့ ရောဂါတွေကို ဖြစ်စေပါတယ်။
လက်ရှိမှာ သူတို့ဟာ အာဖရိက အလယ်ပိုင်း၊ အာရှနဲ့ လက်တင်အမေရိက အပါအ၀င် အပူပိုင်းဒေသတွေမှာ ပေါက်ဖွားနေပြီး အမေရိကန်နဲ့ ဥရောပတောင်ပိုင်းဒေသတွေမှာလည်း တွေ့ရပါတယ်။

ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ဟာ ခြင်တွေပေါက်ဖွားတဲ့အရပ်ဒေသတွေမှာ နေထိုင်နေကြတာပါ။ ဒါ့ကြောင့် ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ အရေးကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

Ref : climatenewsnetwork.net