ကိုဗစ်ကာလကို အခွင့်ကောင်းယူတဲ့ ငရုတ်ကောင်းဒေသ မြေယာအနိုင်ကျင့်မှု

ရေးသားသူ မောင်မျိုးထက်(ပုသိမ်)

၁ ၊ နိုဝင်ဘာလ ၊ ၂၀၂၀ ။ (သတင်းဆောင်းပါး)

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ငရုတ်ကောင်းဒေသမှာ ကိုဗစ် ၁၉ အရေးပေါ်ကာလအတွင်း အသွားအလာ ကန့်သတ်မှုကို အခွင့်ကောင်းယူပြီး လုပ်ဆောင်နေတဲ့ မြေယာအနိုင်ကျင့်မှုတွေ ဖြစ်ပွားနေပါတယ်။

ငရုတ်ကောင်းဒေသဟာ တိုင်းဒေသကြီး အစိုးရရုံးစိုက်တဲ့ ပုသိမ်မြို့နဲ့ ၈၅မိုင်ကွာဝေးပြီး ကားနဲ့ခရီးသွားမယ်ဆိုရင် ရခိုင်ရိုးမ တောင်စွယ်ကို ဖြတ်ကျော် မောင်းနှင်ရတာကြောင့် ၆နာရီ ကြာမြင့်ပါတယ်၊ ဒေသရဲ့ မြို့နယ်အစိုးရရုံးစိုက်တဲ့ ငပုတောမြို့ကိုတော့ ပုသိမ်ကတစ်ဆင့်သွားရင် တစ်ညအိပ် တစ်ရက်ခရီးကြာမြင့်ပါတယ်။

အဲ့ဒီဒေသအတွင်းမှာရှိတဲ့ ဒေသခံတွေဟာ ဓါးမဦးချလုပ်ကိုင်ပြီး ဘဝရပ်တည် အသက်မွေးကြောင်းပြုနေရတဲ့ မြေယာတွေကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့ သတ်မှတ်ပြီး ဒေသခံမဟုတ်တဲ့ ရင်းနှီးမြုပ်နှံသူတွေကို ဧရာဝတီတိုင်း အစိုးရရဲ့ မြေယာစီမံခန့်ခွဲမှုဦးစီးဌာနက မြေယာ လုပ်ကိုင်ခွင့်တွေ ချထားပေးနေတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပျက်နေတာနဲ့ ပါတ်သက်ပြီး ဒေသခံတွေက “ကိုဗစ်ကာလအတွင်း ငရုတ်ကောင်းဒေသ ရင်ဆိုင်နေရသော မြေယာအနိုင်ကျင့်မှုများဆိုင်ရာ အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲ” တစ်ရပ်ကို အောက်တိုဘာလ ၂၅ရက်နေ့က ငရုတ်ကောင်းဒေသ အလယ်ရွာမှာ ပြုလုပ်ခဲ့ပါတယ်။

“ခုလို ကိုဗစ်ကာလ သွားရေးလာရေး ကန့်သတ်နေချိန် အခြားဒေသက သူတွေကို လုပ်ကိုင်ခွင့်ချပေးတယ် ပြီးတော့ ဒေသခံတွေက ငပုတောမြို့မှာ ကန့်ကွက်စာတင်ရမယ် စာထုတ်တယ် အဲ့ဒီကိုသွားဖို့ ခရီးစရိတ်က ကြီးမြင့်တယ် ၇၀၀၀၀ကျပ်နီးနီး ကုန်ကျမယ် ဒီလိုစားဝတ်နေရေး ကြပ်တည်းနေတဲ့ကာလ သွားလာရေးခက်ခဲနေတဲ့ ကိုဗစ်ကာလကြီး မှာ ဘယ်လိုမှ ကန့်ကွက်စာ တင်ဖို့ အခြေအနေမပေးတဲ့ ကျွန်တော်တို့ ဒေသခံတွေရဲ့ မြေယာတွေကို အနိုင်ကျင့်ယူနေတာပါ ၊ ဒါကို တာဝန်ရှိသူတွေ သိစေဖို့ မီဒီယ ကနေ ပြောရတာပါ” လို့ ဒေသခံ ဦးတင်အေးက ဆိုပါတယ်။

၂၀၂၀ခုနှစ် မေလကစပြီး ငရုတ်ကောင်းဒေသက ပိတောက်ကုန်း၊ အလယ်ရွာ၊ ဘုရားချောင်း၊ သဲဖြူ စတဲ့ ကျေးရွာနေ ဒေသခံတောင်သူ ၂၈၂ ဦးရဲ့ ဘိုးဘွားစဉ်ဆက် ဓါးမဦးချ လုပ်ကိုင်ခဲ့ကြတဲ့ မြေဧက ၂၈၄၄ ဒဿမ ၉၄ ဧကကို ဒေသခံ မဟုတ်တဲ့ သူတွေပါဝင်နေတဲ့ လုပ်ငန်းရှင် ၄၆ဦးကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့် ပေးတာနဲ့ ပါတ်သက်လို့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်ကြတာပါ။

တိုင်းအစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့သတ်မှတ်တဲ့ ငရုတ်ကောင်းဒေသက မြေယာတွေပေါ်မှာ ဒေသခံတွေက ဘိုးဘွားစဉ်ဆက် ကောက်ပဲသီးနှံနဲ့ နှစ်ရှည်စားပင်တွေ စိုက်ပျိုးလုပ်ကိုင် အသက်မွေးရပ်တည်ခဲ့ရာက အချို့နေရာတွေမှာ စက်မှုကုန်ကြမ်း နှစ်ရှည်ပင်တွေဖြစ်တဲ့ ရာဘာပင်၊ သီဟိုပင်နဲ့ ကျွန်းပင်တွေကို စိုက်ပျိုးလာခဲ့တာ နှစ်ပေါင်း ၃၀ကျော်နေပါပြီ။

၂၀၁၈ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေ ပေါ်ပေါက်လာတဲ့အခါ ဒေသခံတောင်သူတွေက မိမိတို့ရဲ့ ဓါးမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေယာတွေဆုံးရှုံးမှု မရှိစေဖို့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းကစပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ကိုင်ခွင့်တွေ လျှောက်ထားခဲ့ကြပါတယ်၊ အဲ့ဒီမြေယာတွေပေါ်မှာ ဒေသခံတွေ အမှန်တကယ် လုပ်ကိုင်သက်မွေးနေကြောင်း ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့တွေကလည်း ထောက်ခံပေးခဲ့ပါတယ်။

ဒါပေမယ့် ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာနက ဒေသခံတွေရဲ့ လျှောက်ထားမှုကို တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ပေးတာ မရှိခဲ့ပဲ ၂၀၂၀ခုနှစ် မေလမှာ တစ်ကြိမ် သြဂုတ်လမှာ နှစ်ကြိမ် ဒေသခံ မဟုတ်တဲ့ သူတွေရဲ့ မြေယာလျှောက် ထားမှုကိုတော့ လက်ခံခဲ့ပြီး ကန့်ကွက်လွှာခေါ်ခဲ့ပါတယ်။

“ဒါဟာ ကန့်ကွက်ဖို့ ခက်ခဲနေတဲ့ ကိုဗစ်ကာလနဲ့ တိုက်ဆိုင်ပြီး တမင်ရည် ရွယ်ချက်ရှိရှိ ဒေသခံမဟုတ်သူရဲ့ လျှောက်ထားမှုကို လက်ခံတာ ဖြစ်တယ် ကားလမ်းတွေ ပိတ်ထားတယ် ပုသိမ်မြို့မှာလည်း Stay at Home လုပ်ထားတယ် ကျွန်တော်တို့ တောင်သူတွေ ကန့်ကွက်စာတင်ဖို့ အခက်အခဲရှိတယ် ဒါကြောင့် ဒေသခံတွေရဲ့ မြေယာလျှောက်ထားမှုကို အမြန်ချထားပေးပြီး၊ ဒေသခံမဟုတ်တဲ့ အခြားလျှောက်ထားမှုတွေကို ရပ်တန့်ဖို့တောင်း ဆိုပါတယ်” လို့ ဒေသခံ တောင်သူ ဦးကြည်လင်း က ဆိုပါတယ်။

အခြားဒေသခံ မဟုတ်သူတွေရဲ့ မြေယာလျှောက်ထားမှုကို ကန့်ကွက်စာတွေ တင်ပြဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ငရုတ်ကောင်းဒေသ အခြေစိုက် လှပသောကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် (Beautiful Beach Development Network – BBDN)နဲ့ ပုသိမ်မြို့အခြေစိုက် ဧရာဝတီပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုအဖွဲ့အစည်း(AA TA)တို့ ပူးပေါင်းပြီး ဒေသခံ တောင်သူများရဲ့ စုပေါင်းကန့်ကွက်စာကို အချိန်မီ ပေးပို့တင်ပြခဲ့ပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေဟာ မြေပြင်ကွင်းဆင်း ဆောင်ရွက်တာ မရှိသလို ဒေသခံတွေ ရဲ့ မြေယာလျှောက်ထားမှုနဲ့ ကန့်ကွက်တင်ပြစာတွေကိုလည်း အရေးတယူ ဆောင်ရွက်တာတွေ အကြောင်းပြန်တာတွေ မရှိခဲ့ပါဘူး။

“ငရုတ်ကောင်းဒေသနဲ့ ပါတ်သက်ပြီး မြေစာရင်းဌာနမှာ မြေယာပိုင်ဆိုင်မှု မြေကြီးမြေပုံဆိုင်ရာ အချက်အလက်တွေ တိကျခိုင်မာတဲ့ မှတ်တမ်းတွေ မရှိဘူး တိကျတဲ့ မြေယာမူဝါဒ မရှိဘူး ဒီတော့ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ် ၊ မြေအမျိုးအစားနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းတွေ ရေရာမှုမရှိတော့ မြေယာချထားပေး နေတာတွေက မူလဓါးမ ဦးချလုပ်ကိုင်နေတဲ့ တောင်သူတွေအတွက် နစ်နာပါတယ် ၊ဒေသတွင်း မလိုလားအပ်တဲ့ အခြေအနေတွေဖြစ်စေနိုင်တယ်” လို့ ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာန ဝန်ထမ်းဟောင်း ဦးဇော်မင်းထက်က မှတ်ချက်ပြုပါတယ်။

ရခိုင်ရိုးမ တောင်စွယ်ပေါ်နဲ့ တောင်ခြေမှာရှိတဲ့ ငရုတ်ကောင်းဒေသမှာ မြေယာအနိုင်ကျင့်မှုတွေ ရှိနေတဲ့အပြင် ဘင်္ဂလားပင်လယ်အော်နဲ့ တစ်ဆက်စပ်တည်း ရှိပြီး သဘာဝ အလှအပတွေ ရှိနေတဲ့ ငရုတ်ကောင်းကမ်းခြေဒေသက ဂေါ်ရန်ဂျီကျွန်း၊ သဲဖြူကျွန်း၊ သစ်ယောင်းကျွန်း၊ မြင်းစီးကျွန်း၊ မြောက်ကျွန်၊း စပါးထားကျွန်း၊ ငှက်ပျောကျွန်း တို့တွေမှာလည်း မြေယာကျူးကျော် အနိုင်ကျင့်မှုတွေ ရှိနေပါတယ်။

ဒေသခံတွေအနေနဲ့ ဒေသရဲ့ သဘာဝဖြစ်စဉ်ကို ထိန်းသိမ်း ကာကွယ်ရင်း သက်မွေးနေထိုင်ခဲ့ကြတာပါ၊ ၂၀၁၆ လောက်ကစပြီး ခရီးသွားလုပ်ငန်းကို အကြောင်းပြုပြီးတော့ လုပ်ငန်းရှင် ငွေကြေးရှိသူတွေက မြေယာဝယ်ယူ လုပ်ကိုင်နေကြရာကနေ ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေရိုင်း ဥပဒေ ပေါ်လာပြီးနောက် မြေယာလျှောက်ထားကာ မြေယာရယူမှု ပုံစံကလည်း ပြောင်းသွားပါတယ်။

ငရုတ်ကောင်း (အနောက်ဖက်ကမ်းခြေ) ဒေသခံများနဲ့ Another Deveiopment (AD)အဖွဲ့တို့ ပူးပေါင်း ရေးဆွဲထားတဲ့ ဂေါ်ရန်ဂျီကျွန်းဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း အဆိုပြုလွှာနဲ့ ဂေါ်ရန်ဂျီကျွန်း ဒေသသုတေသန စာတမ်း လေ့လာ ဆန်းစစ်ချက်ကို တိုင်းဒေသကြီး အစိုး ရအဖွဲ့ ထံ တင်ပြထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ သဘောတူညီ ချက် ရပြီးပါက ပြည်ထောင်စု ဝန်ကြီးဌာနထံ ဆက်လက်တင်ပြ သွားမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်း ကပြောပါတယ်။

ဒါ့အပြင် ငရုတ်ကောင်းဒေသအတွင်း သစ်ယောင်း မြင်းစီးကျွန်း မြောက်ကျွန်း တို့ပါဝင်တဲ့ ခန်းမှန်းဧရိယာအကျယ်အဝန်း ရေပြင် ၁၁၀၃၅ ဒဿ မ ၁၂ ဧက နဲ့၊ ကုန်းမြေ ၈၁ ဒဿမ ၈၈ ဧက ၊စုစုပေါင်း ၁၁၁၁၇ ဧက(၁၇ ဒဿမ ၃၇) စတုရန်းကို ငရုတ်ကောင်းအဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ် ဖေါ်ဆောင်မယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကဒေသတွင်းမှာ ၂၀၂၀ ဇွန်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ကျွန်းတွေက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ သဘာဝတောတွေကို အမှီပြုတဲ့ ကျွန်းပါတ်လည်က ရေသယံဇာတတွေ ဒီရေတောနဲ့ အမြဲစိမ်းတောတွေက ဇီဝမျိုးစုံ မျိုးကွဲတွေကို ထိန်းသိမ်းမှုအတွက် အဓိက အရေးပါတယ်၊ မြေယာလုပ်ပိုင်ခွင့် ရရှိသူတွေက ဒီရေတောနဲ့ အမြဲစိမ်း တောတွေကို ခုတ်ထွင်ပြီး လုပ်ငန်းဆောင်ရွက်တော့ သဘာဝကို ထိန်းသိမ်း အမှီပြုနေရတဲ့ ဒေသခံတွေရဲ့ ဘဝနေထိုင်မှုတွေလည်း ယိုယွင်းလာတယ်” လို့ ပုသိမ်မြို့ အခြေစိုက်လှပသောမြေ ပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြင့်အောင်က သုံးသပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာ လှပတဲ့ ပင်လယ်သန္တာကျောက်တန်း ၊ တော၊ တောင် သဘာဝရူခင်းတွေ အများအပြား ရှိနေသေးတဲ့ ငရုတ်ကောင်းဒေသဟာ ပုသိမ် ငပုတော လပွတ္တာ မြို့နယ်တို့နဲ့ နယ်မြေ ထိစပ်နေပြီး သွားလာရေး ခက်ခဲတဲ့ဒေသ ဖြစ်ပေမယ့် ဒေသရဲ့ သဘာဝအခြေအနေတွေဟာ ဒေသတွင်းမှာ နေထိုင်တဲ့ ရခိုင်၊ ကရင်၊ ဗမာ၊ တိုင်းရင်းသားတွေရဲ့ “ဘဝနေထိုင်မှု” “ဘဝလုံခြုံမှု” “ဘဝတန်ဘိုး” ဖြစ်ပါတယ်။

ငရုတ်ကောင်းဒေသမှာ ကိုဗစ် ၁၉အရေးပေါ်ကာလကို အကြောင်းပြုပြီး မြေယာအနိုင်ကျင့် ရယူဖို့ ကြိုးစားနေတာတွေ ငရုတ်ကောင်းကမ်းခြေအနီး ကျွန်းအချို့မှာ မြေရယူမှုနဲ့ပါတ်သတ်ပြီး မူဝါဒ မခိုင်မာမှုကြောင့် ဖြစ်ပေါ်နေတဲ့ ကန့်ကွက်နေမှုတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ၊ပုသိမ်ခရိုင် မြေစာရင်း ဦးစီးမှူး၊ ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး တို့ကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိပါဘူး။

“၂၀၁၂ခုနှစ် မြေယာဥပဒေ အရ ရင်းနှီးမြုပ်နှံမှုကိုအကြောင်းပြပြီး မြေသိမ်းမှုတွေ ဖြစ်လာတယ် ခုလည်း အဲ့လိုပုံစံမျိုးပါပဲ၊ ဒီလို ဖြစ်လာတာဟာ ဒေသခံတွေရဲ့ လူမှုဘဝနေထိုင်မှုကို ထိပါးလာတဲ့အတွက် ဒေသခံတွေရဲ့ ဘဝရပ်တည်ရေး လုံခြုံမှု မရှိ တော့ဘူး နှစ်ပေါင်း ၁၅၀ကျော် ဒီသဘာဝဖြစ်စဉ်မှာ အပြန်အလှန်သက်မွေးကြောင်း မှုပြုနေကြရတဲ့ ဒေသခံတွေရဲ့ လူမှုဘဝအခြေအနေတွေ ပျက်စီးရတော့မယ် ဒါကို လုံးဝ လုံးဝ လက်မခံနိုင်ဘူး ” လို့ ငရုတ်ကောင်းကမ်းခြေ ဒေသ အခြေစိုက် လှပသော ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(Beautiful Beach Development Network – BBDN)ရဲ့ ဥက္ကဌ ဦးမောင်ကံက သုံးသပ်ပြောဆိုထားပါတယ်။

DeltaNews Agency

Read Previous

နှိပ်ခိုင်းတဲ့ ခင်ပွန်းသည်ကို ဇနီးဖြစ်သူက ဓားမနဲ့ခုတ်သတ်

Read Next

ဖျာပုံက ကန့်သတ်နယ်မြေသုံးခုကို ပြန်ဖွင့်ပေးလိုက်ပြီ